CNI International News

ခါတွန်၊ ဇွန်လ ၁၂

ဇွန်လ ၁၀ ရက်နေ့က ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေး ကုန်ဆုံးသွားခဲ့ပြီးနောက် ဆူဒန်တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့ကြောင်း အယ်ဂျာဇီးလ်ယား သတင်းတွင် ဖော်ပြသည်။

အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးပြီး ဇွန်လ ၁၁ ရက်နေ့တွင် ဆူဒန်နိုင်ငံ တစ်ဝန်းလုံး၌ လေကြောင်း အချက်ပေးသံများ၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် စက်သေနတ် ပစ်ခတ်သံများကို ပြန်ကြားခဲ့ရသည်ဟု ဆူဒန်ရှိ အယ်ဂျာဇီးလ်ယား သတင်းထောက် ဟီဘာ မော်ဂန် (Hiba Morgan) က ပြောသည်။ 

ဆူဒန်စစ်တပ်သည် RSF လက်နက်ကိုင်အဖွဲ့၏ စခန်းများကို လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မြို့တော် ခါတွန် (Khartoum) တွင် အရပ်သား ၇ ဦး သေဆုံးခဲ့ရသည်။ 

ဇွန်လ ၁၁ ရက်နေ့သည် ဆူဒန်၏ သီတင်းပတ် ရှစ်ခုနီးပါးအကြာ တိုက်ပွဲအတွင်း အငြိမ်သက်ဆုံး ကာလတစ်ခု ဖြစ်ခဲ့သော်လည်း တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ဇွန်လ ၁၁ ရက်နေ့သည် ကြောက်စရာ အကောင်းဆုံး အခြေအနေများကို ပေါ်ပေါက်ခဲ့သည်။

ဆူဒန်စစ်တပ် အကြီးအကဲနဲ့ RSF လက်နက်ကိုင် ခေါင်းဆောင်ကိုတွေ့ရစဉ်

ထို့နောက် ဒေသခံများသည် ဘေးလွှတ်ရာတွင် ပုန်းခိုနေခဲ့ရသည်ဟု မော်ဂန်က ပြောသည်။ 

အွန်ဒါမန် (Omdurman) မြို့မြောက်ပိုင်း၊ ချဒ်နှင့် နယ်စပ် အယ်လ်-ဂျီနီယာနာ (el-Geneina)၊  မြို့တော် အနောက် တောင်ဘက် အယ်လ်-အိုဘစ် (el-Obeid) ဒေသတို့တွင် တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်ဟု ကိုယ်တိုင် ကြုံတွေ့ရသူများက ပြောသည်။ 

ဇွန်လ ၁၁ ရက်တွင် ရရှိခဲ့သော ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမေရိကန်နှင့် ဆော်ဒီ တို့က ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ နိုင်ငံတစ်ဝန်းလုံးရှိ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ် နေသူများအတွက် အကူအညီများကို ဘေးကင်းစွာ ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည်။ 

အပစ်အခတ် ရပ်စဲရေးက ဧပြီ ၁၅ ရက်နေ့ ကတည်းက စတင်ခဲ့သည့် တိုက်ပွဲများကို ရပ်တန့်စေနိုင်လိမ့်မည်ဟု လည်း မျှော်လင့်ခဲ့ကြသည်။ 

အပစ်အခတ်ရပ်စဲစဉ် ကာလအတွင်း အကူအညီပေးရေးအဖွဲ့ တစ်ချို့သည် လိုအပ်နေသူများထံ သွားရောက် ပေးအပ်နိုင်ခဲ့ကာ မြို့တော် တောင်ပိုင်းရှိ ဒေသခံများသည်လည်း မရှိမဖြစ် လိုအပ်နေသော ပစ္စည်းများကို ဖြည့် တင်းရန်အတွက် ပုန်းခိုရာနေရာများမှ ထွက်ခွာနိုင်ခဲ့ကြသည်။

ဆူဒန် ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေကြရစဉ် 

သို့သော် မြို့တော်မြောက်ပိုင်း ဒေသများမှ ဒေသခံများကတော့ အကူအညီမရရှိဘဲ ပိတ်မိနေဆဲ ဖြစ်သည်ဟု မော်ဂန်က ပြောသည်။ 

အနောက် ဒါဖာ (West Darfur) ဒေသသည် ကပ်ဆိုးကျရောက်နေသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု မော်ဂန်က ပြောသည်။ 

အထူးသဖြင့် အယ်-ဂျီနီယာနာ ဒေသတွင် RSF နှင့် ဆက်စပ်နေသော အာရပ်လူမျိုးများ၏ တိုက်ခိုက်မှုများ တစ်ကျော့ပြန် ပေါ်ပေါက်လျက် ရှိသည်။ 

ထိုဒေသသည် သီတင်းပတ်များစွာကြာ အဆက်အသွယ် ပြတ်တောက်နေသည့် နေရာလည်း ဖြစ်သည်။

ထိုလက်နက်ကိုင်များသည် လူမျိုးရေးကို အခြေခံကာ တိုက်ခိုက်မှုများကို လုပ်ဆောင်နေသည်ဟု မော်ဂန်က ပြောသည်။ 

လူ ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သော သတ်ဖြတ်မှုများသည် လူမျိုးသုဉ်း သတ်ဖြတ်မှု ကဲ့သို့ပင် ဖြစ်နေသည်ဟု လည်း အနောက်ဒါဖာ ဆရာဝန်များအဖွဲ့က ပြောသည်။ 

Source: အယ်ဂျာဇီးလ်ယား