CNI International News

ခါတွန်၊ ဇွန်လ ၂၂

ဆူဒန်နိုင်ငံ အနောက် ဒါဖာဒေသ၏ လမ်းများပေါ်တွင် အလောင်းများ တန်းစီနေကာ ဆူဒန်၏ နှစ်လကျော်ကြာ စစ်ပွဲအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ ဒသမ ၅ သန်းကျော်ရှိနေပြီဟု ကုလသမဂ္ဂက ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။ 

ဇွန်လ ၂၁ ရက်နေ့ အာရုံတက်ချိန်တွင် သက်တမ်းကုန်ဆုံးမည့် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်သည် မြို့တော်ခါတွမ် (Khartoum)၌ ယာယီတည်ငြိမ်မှုကို ဖြစ်စေခဲ့သည်။

ခါတွမ်သည် ဧပြီ ၁၅ ရက်တွင် စတင်သည့် လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုအကြား စစ်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားရာ နေရာလည်း ဖြစ်သည်။

စစ်ပွဲကြောင့် တစ်နိုင်လုံး အတိုင်းအတာဖြင့် လူ ၂၀၀၀ ကျော် သေဆုံးခဲ့သည်ဟု လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာ နှင့် ဖြစ်ရပ် အချက်အလက်ဆိုင်ရာအဖွဲ့က ပြောသည်။ 

အယ်လ်-ဂျီနီယာနာ (El-Geneina) မြို့ တစ်ခုတည်းတွင်ပင် သေဆုံးသူ အများဆုံး ၁၁၀၀ အထိ ရှိနိုင်သည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ပြောသည်။ 

အယ်လ်-ဂျီနီယာနာသည် အဆိုးရွားဆုံး အကြမ်းဖက်မှုများ ပေါ်ပေါက်ခဲ့ဖူးရာ အနောက်ဒါဖာပြည်နယ် (West Darfur) ၏ မြို့တော်လည်း ဖြစ်သည်။ 

 လမ်းပေါ်မှာ အလောင်းတစ်လောင်းနဲ့ သံချပ်ကာယာဉ်တစ်စီးကိုတွေ့ရစဉ်

ဒါဖာတွင် လူသားချင်း စာနာမှုဆိုင်ရာ ရာဇဝတ်မှုများ ဖြစ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။

ယင်းတွင် ပဋိပက္ခသည် လူမျိုးစုပဋိပက္ခ အသွင်သို့ ရောက်ရှိလျက်ရှိကြောင်း ကုလ၊ အာဖရိကသမဂ္ဂ နှင့် အာဖရိက ဒေသဆိုင်ရာအဖွဲ့ IGAD တို့မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

အယ်လ်ဂျီနီယာနာ၏ လမ်းမများပေါ်တွင် အလောင်းများ ကျန်ရှိနေဆဲဖြစ်ကာ လအတန်အကြာ မတည်ငြိမ်မှုများ ကြောင့် ဆိုင်များသည်လည်း ဟောင်းလောင်း သို့မဟုတ် မသမာသူများ၏ ဖောက်ထွင်းခြင်း ခံထားရသည်။

အလောင်း တစ်လောင်းသည် သံချပ်ကာယာဉ် တစ်စင်း၏ ရှေ့ကတ္တရာ လမ်းပေါ်တွင်ရှိနေသလို အမျိုးသား တစ်ဦး၏ အလောင်းကိုလည်း အိမ်တစ်အိမ်၏ ရှေ့တွင် မြင်တွေ့ရသည်။ 

ကျန် အလောင်းတချို့ကိုလည်း ညစ်ပတ်သော လမ်းများပေါ်တွင် မှောက်လှက် အနေအထားဖြင့် မြင်တွေ့ရသည်။ 

ဆူဒန်နိုင်ငံအတွင်းက မြို့တစ်မြို့မှာ လက်နက်ကိုင်ထားသူများ သွားလာနေကြစဉ်

အယ်လ်-ဂျီနီယာနာ ဒေသခံများသည် မြို့မှ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကာ သယ်ယူ၍ ရသမျှကို သယ် ဆောင်ကာ ချဒ်နှင့် နယ်စပ်သို့ သွားရောက် နေကြသည်။ 

အန္တရာယ်များသော ခရီးလမ်းတစ်လျှောက်တွင် လက်နက်ကိုင်များ၏ ပစ်ခတ်မှု၊ စစ်ဆေးရှာဖွေခြင်းတို့နှင့် ရင် ဆိုင်ခဲ့ရသည်ဟုလည်း တချို့က ပြောသည်။ 

ဆူဒန်ပဋိပက္ခသည် ဆူဒန်စစ်တပ်နှင့် RSF လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေခြင်း ဖြစ်သည်။ 

အနောက် ဒါဖာမှ လူမဆန်မှုများသည် RSF အဖွဲ့က ကျူးလွန်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။

အလားတူ ကုလ၏ ဆူဒန်ရေးရာ အကြီးအကဲ ဖြစ်သူကလည်း တိုက်ခိုက်မှုများကို အာရပ် လက်နက်ကိုင်များနှင့် RSF ယူနီဖောင်းဝတ် လက်နက်ကိုင်များက ကျူးလွန်ခဲ့သည်ဟု ပြောသည်။ 

တိုက်ပွဲများ စတင်ချိန်မှစ၍ အနည်းဆုံးလူပေါင်း ၁၅၀၀၀ ခန့်သည် ချဒ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ရသည်ဟုလည်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ 

Source: ဘန်ကောက်ပို့စ်