CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၇

ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘလက်ပူးလ်နဲ့ ဘန်လေအသင်းတို့ ပွဲစဉ်အပြီး ဘောလုံးအားပေးသူ ၁၅ ဦးကြား အရက်ဆိုင်မှာ ရန်ပွဲဖြစ်ပွားခဲ့ကြရာ ဘလက်ပူးလ်ပရိသတ် တွန်နီဂျွန်ဆင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရန်ပွဲဖြစ်ပွားပြီးနောက် ဒေသစံတော်ချိန် ည ၇ နာရီ အချိန်ခန့်မှာ ရဲအရာရှိတွေက တွန်နီဂျွန်ဆင်ကို ဘလက်ပူးလ်ရှိ The Manchester အရက်ဆိုင် အပြင်ဘက်မှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တာကို တွေ့ရှိခဲ့ ရတာပါ။

အခင်းဖြစ်ပွားရာ နေရာမှာ CPR ခံယူခဲ့ရပြီး ကုသမှုပြုလုပ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အသက် ၅၅ နှစ်အရွယ် ရှိ အမျိုးသားဟာ အဲဒီဒဏ်ရာကြောင့် သေဆုံးသွားခဲ့တယ်လို့ အတည်ပြု ခဲ့တာဖြစ်ပါတယ်။

Lancashire ရဲတပ်ဖွဲ့က “ဘန်လေက အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို ဒဏ်ရာရရှိစေတဲ့ သံသယနဲ့ အခင်းဖြစ်ပွားတဲ့နေရာမှာ ဖမ်းဆီးခဲ့ပါတယ်။ သူ့ကို အာမခံနဲ့ လွှတ်ပေးခဲ့ပြီး ဇွန်လ ၁ ရက်အထိ ဆက်လက် စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်သွားမယ်”လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စုံထောက်တွေဟာ ဒီညနေခင်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ် စုစည်းနိုင်ဖို့ ကြိုးစားနေပြီး ဒါနဲ့ ပတ်သက်တဲ့ အချက်အလက် ဒါမှမဟုတ် ဗွီဒီယိုဖိုင်တွေအတွက် အယူခံဝင်နေတာလည်း ဖြစ်ပါတယ်။ ချန်ပီယံရှစ် ကလပ် ဘလက်ပူးလ် အသင်းကလည်း သူတို့ရဲ့ ပရိသတ် တွန်နီဂျွန်ဆင် သေဆုံးသွားပြီဆိုတာကို အတည်ပြု ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဘလက်ပူးလ်အသင်းက ၀မ်းနည်းကြောင်း ပြသနေစဉ်

ဘလက်ပူးလ် အသင်းက “အသင်းရဲ့ အားပေးသူ တွန်နီဂျွန်ဆင်ဟာ ဒီနေ့မနက် အစောပိုင်းက သေဆုံးသွားခဲ့ပြီဆို တဲ့ သတင်းကို သိလိုက်ရပြီးနောက်မှာ အလွန်တုန်လှုပ်ပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ ကလပ်အသင်းအနေနဲ့ မိုရတ်တီနားနေခန်းမှာ ညနေ ၄ နာရီမှ စတင်ကာ ဝမ်းနည်းကြောင်း ရေးသားနိုင်ဖို့ စာအုပ်ထားရှိသွားမှာဖြစ်ပြီး အားပေးတဲ့ သူတွေကလည်း တွန်နီကို လေးစားမှု ပြုလုပ်ခွင့်ရမှာပါ။ ဒါ့အပြင် ကလပ်အသင်း ဝန်ထမ်းတွေ၊ ကစား သမားတွေ၊ ဘောလုံးအသင်းနဲ့ ဆက်စပ်သူ အားလုံးနဲ့ ပရိသတ်တွေဟာ တွန်နီဂျွန်ဆင်ကို သတိရကြောင်း ပြတဲ့ အနေနဲ့ မော်တန်ဆန်ရုပ်တုမှာ ပန်းတွေတင်ဖို့လည်း ဖိတ်ကြားထားပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါ တွန်နီ”လို့ ရေးသားထားတာပါ။

ဘလက်ပူးလ် အသင်းဟာ အခုနှစ်ရာသီ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၂၂ နေရာမှာ ရပ်တည် နေပြီး တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတာကြောင့် တန်းဆင်းဇုန်က လွတ်မြောက်နိုင်ဖို့ ကြိုးစားပေးနေတာ ဖြစ်ပါတယ်။

Source: Goal