CNI International News

ရောမ၊ ဖေဖော်ဝါရီ - ၂၇

ကျောက်တန်းများနှင့်တိုက်မိကာ လှေပျက်စီးသွားခဲ့ခြင်းကြောင့် ရွှေ့ပြောင်းနေထိုင်သူ အနည်းဆုံး ၄၅ ဦးခန့် သေဆုံးသွားခဲ့သည်ဟု အီတလီကမ်းခြေစောင့်တပ်နှင့် ကုလသမဂ္ဂအေဂျင်စီများက ပြောသည်။

ထိုဖြစ်ရပ်သည် အီတလီတောင်ပိုင်းတွင် တနင်္ဂနွေနေ့ အာရုံ မတက်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အသက်ရှင်သူများကပြောကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။

လှေမှောက်မှုမှ အနည်းဆုံး လူ ၈၀ ခန့်ကို အသက်ရှင်လျက် ကယ်နိုင်ခဲ့ကြောင်း၊တချို့မှာ ကမ်းခြေသို့ ကူးခတ် ရောက်ရှိလာသူများဖြစ်ကြောင်း အီတလီကမ်းခြေစောင့်တပ်က ပြောသည်။

လက်ရှိအချိန်အထိ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ တိတိကျကျ မသိရသေးပေ။ အလောင်း ၆၀ ခန့်ကို ဆယ်ယူရရှိခဲ့ သည်ဟု အာဏာပိုင်များ၏ ပြောစကားကို ကိုးကား၍ အီတလီသတင်းထောက် တစ်ဦးက ပြောသည်။

ရွှေ့ပြောင်းများ လှေမှောက်သွားလို့ ကယ်ဆယ်ထားရ(AP)

အစ်ဇ်မာ (Izmir) ဟု ထင်ရှားသော တူရကီဆိပ်ကမ်း တစ်ခုဖြစ်သည့် ဆမီနာ (Smyrna) ဟူသော စကားလုံးကို ရေးထားသည့် အသက်ကယ် ဘောကွင်းများကိုလည်း အခင်းဖြစ်ရာတွင် တွေ့ရသည်။ ထိုဖြစ်ရပ်မှ တွေ့ရှိရသော အလောင်းများကို ခရိုတုန်း (Crontne) မြို့ရှိ အားကစားကွင်း တစ်ခုထဲသို့ ယူဆောင်လာကြောင်း အာဏာပိုင်များ က ပြောသည်။

အခင်းဖြစ်ရာ လှေပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၇၀ ကျော် ပါဝင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂ အေဂျင်စီ နှစ်ခုက ပူးတွဲ ထုတ်ပြန်သည်။

ထိုထဲတွင် ကလေးငယ်များနှင့် မိသားစုလိုက် ခရီးသည်များပါ ပါဝင်သည်ဟု သိရပြီး အများစုမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဆိုမာလီတို့မှ ဖြစ်သည်။

ရွှေ့ပြောင်း နေထိုင်သူများကို တင်ဆောင်လာသည့် သစ်သားလှေသည် လေပြင်းတိုက်မှုကြောင့် ကျောက်တန်းများ နှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်သူ အားလုံးမှာ အရွယ်ရောက်ပြီး သူများဖြစ်သည်ဟု စေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။

အီတလီရှိ သက်ဆိုင်ရာများက ရွှေ့ပြောင်းလှေတိမ်းမှောက်မှု ကယ်ဆယ်ရေးလုပ်နေစဉ်(AP)

ကံမကောင်းစွာနှင့် လှေပေါ်ပါ ကလေးငယ်များ အားလုံးသည် ပျောက်ဆုံးနေ သို့မဟုတ် သေဆုံးသွားခဲ့ပြီဟုလည်း ၎င်းက ပြောသည်။

အသက် တစ်လအရွယ် ကလေးငယ်တစ်ဦးနှင့် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးတို့သည်လည်း သေဆုံးသူများ စာရင်းတွင် ပါဝင်သည်။

အသက်ရှင် ကျန်ရစ်သူများ၏ အဆိုအရ လှေသည် လွန်ခဲ့သည့် ငါးရက်တူရကီမှ ထွက်ခွာလာခြင်း ဖြစ်သည်ဟု အီတလီနိုင်ငံပိုင် သတင်းတွင် ဖော်ပြသည်။

ရွှေ့ပြောင်း နေထိုင်သူများသည် မီတာ ၂၀ ရှည်သော သစ်သားလှေပေါ်တွင် စုံပြုံလိုက်ပါလာခြင်း ဖြစ်သည်ဟု အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီက ပြောသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ရဟတ်ယာဉ် တစ်စင်း၊ ရဲတပ်ဖွဲ့လေယာဉ်၊ မီးသတ်တပ်ဖွဲ့ လှေများ၊ ကမ်းခြေစောင့် တပ်၊ နယ်စပ်ရဲ စသည်တို့ ပါဝင်သည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု အီတလီ အရာရှိများက ပြောသည်။

Souce: AP