CNI International News

အဘူဂျာ၊ဖေဖော်ဝါရီ ၂၇

အာဖရိက၏ လူဦးရေ အထူထပ်ဆုံးနိုင်ငံ၏ သမ္မတနှင့်လွှတ်တော် ရွေးကောက်ပွဲများအတွက် မဲပေးမှုများသည် စနေနေ့တွင် အဆုံးသတ်ရမည်ဖြစ်သည့်တိုင် တနင်္ဂနွေနေ့ မနက်ပိုင်းအထိ နိုင်ဂျီးရီးယား ပြည်သူများမှာ မဲပေးနေ ကြဆဲ ဖြစ်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

မဲရုံများ ပိတ်ခဲ့ပြီဖြစ်သော ပြည်နယ်များတွင် တနင်္ဂနွေနေ့၌ မဲရေတွက်မှုများ လုပ်ဆောင်လျက်ရှိသော်လည်း ဘီနူး၊ အက်ဒါမာဝါနှင့် ဘာရယ်လ်ဆာ (Benue၊ Adamawa နှင့် Bayelsa) ပြည်နယ်များတွင် မဲပေးမှုများ ဆက်ရှိ နေဆဲဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ပြောသည်။

မဲရေတွက်မှု ကနဦးရလဒ်များကို တနင်္ဂနွေနေ့ ညနေပိုင်းတွင် ထုတ်ပြန်မည်ဟုလည်း ယူဆရသည်။

လုံခြုံရေးတပ်ဖွဲ့များကိုတွေ့ရစဉ်(AP)

သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများက စနေနေ့တွင် နိုင်ငံတစ်လွှား ကြန့်ကြာမှုများကို ဖြစ်စေခဲ့ပြီး မဲဆန္ဒရှင်များကို ဒေါသထွက်စေခဲ့သည်။

မဲဆန္ဒရှင်တချို့သည် ညလုံးပေါက်နီးပါး ထိုင်စောင့်ခဲ့ကြသော်လည်း နောက်တစ်နေ့ မနက်မိုးလင်းချိန်အထိ မဲမပေးရသည်များလည်း ရှိသည်။

ခေါင်းဆောင်ကောင်း တစ်ဦးကိုရွေးရန် အနစ်နာခံသင့်ရင် ခံရပါမည်ဟု စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲ တာဝန်ရှိသူများက ကြန့်ကြာမှုများအတွက် သယ်ယူပို့ဆောင်ရေး ကိစ္စများကို အပြစ်တင်သော်လည်း တချို့သော လေ့လာသူများက ငွေကြေးပုံစံသစ် ဖန်တီးခြင်းကြောင့် ပြည်သူများ လက်ထဲတွင် ငွေမရှိခြင်းကို ထောက်ပြသည်။

နိုင်ဂျီးရီးယား ရွေးကောက်ပွဲ မဲရလဒ် စောင့်ကြည့်နေသူများကိုတွေ့ရစဉ်(AP)

ငွေစက္ကူ ရှားပါးနေခြင်းသည် မဲဆန္ဒရှင်များအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စများကို သာမက၊ ရွေးကောက်ပွဲ ဝန်ထမ်းများနှင့် လုံခြုံရေး ဆောင်ရွက်ပေးမည့် ရဲတပ်ဖွဲ့ဝင်များအတွက်လည်း ဆိုးကျိုုးများကို ဖြစ်စေသည်။

ထိုအခြေအနေက မဲပေးသူအရေအတွက် နည်းပါးခြင်းကို ဖြစ်စေသည်ဟု နိုင်ငံ၏ အကြီးမားဆုံးသော ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ Yiaga Africa က ပြောသည်။

စိန်ခေါ်မှုများစွာ ရှိခဲ့သော စနေနေ့က ကျင်းပသည့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲသည် အများအားဖြင့် ငြိမ်းချမ်းစွာ ပြီးစီးခဲ့သော်လည်း မဲလုပြေးမှု ရှစ်ခုအပြင် တိုင်းပြည်၏ ဒီမိုကရေစီကို ထိပါးစေသော အရေးကြီးသည့် ဖြစ်ရပ် အနည်းဆုံး ၁၃၅ ခုခန့် ဖြစ်ပွားခဲ့သည်ဟု လေ့လာသူများက ပြောသည်။

Source: AP