CNI International News

တယ်လင်း၊ဖေဖော်ဝါရီ ၂၇

ရုရှားတွင် ရွေးချယ်စရာမရှိကြောင်း၊ နေတိုး၏ နျူကလီးယားစွမ်းရည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့၌ ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင် ရုရှားသမ္မတ ပူတင်က ပြောခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

New START စာချုပ်တွင် ပါဝင်နေမှုအား ရုရှားဘက်မှ ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်၍ မေးမြန်းမှုကို ပူတင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားအား စစ်ဗျူဟာအရ ရှုံးနိမ့်စေရန် လုပ်ဆောင်နေခြင်းကြောင့် ရုရှားသည် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ပူတင်က ပြောသည်။ ယူကရိန်းစစ်ပွဲနှင့်ပတ်သက် ၍လည်း ၎င်းကထိုသို့ ကြိမ်ဖန်များစွာ ပြောဆိုခဲ့ဖူးသည်။ New START နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခြင်းသည် ရုရှားအတွက်လုံခြုံရေး၊ မဟာဗျူဟာမြောက်တည်ငြိမ်ရေး စသည့်လိုအပ်ချက်များကြောင့် ဖြစ်သည်ဟု ပူတင်က ရုရှားနိုင်ငံပိုင်သတင်းသို့ ပြောခဲ့သည်။

နေတိုး၏ ဦးဆောင်နိုင်ငံများအားလုံးမှ ၎င်းတို့၏ ပင်မရည်ရွယ်ချက်သည် ရုရှားအား စစ်ဗျူဟာအရ ရှုံးနိမ့်မှု ဖြစ်စေရေးအတွက်ဟု ကြေညာထားချိန်တွင် နျူကလီးယားစွမ်းရည်ကို မည်သည့်အတွက်ကြောင့် လျစ်လျူရှုထားရပါမည်လဲဟု ပူတင်က ပြောခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လယ်တွင် ရုရှားကျူးကျော်မှု တစ်နှစ်ပြည့် အထိမ်းအမှတ် လူထုစည်းဝေးပွဲ အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒပြနေစဉ်(ဓါတ်ပုံ-အေပီ)

ပြီးခဲ့သည့်နှစ် ယူကရိန်းအားကျူးကျော်မှုသည် ၎င်းတို့ယူဆထားသည့် ရုရှားလုံခြုံရေးအပေါ်ခြိမ်းခြောက်မှုများကို လျော့ချရန်ဟု ပူတင်ကပြောခဲ့ပြီး ထိုအချိန်၌ ယင်းကိုပဋိပက္ခအတွင်း ခြိမ်းခြောက်မှုများအတွက် နျူကလီးယား အသုံးပြုရန် သက်သေပြမှုအဖြစ် ၎င်းကအသုံးချခဲ့သည်။ ၂၀၁၀ ခုနှစ် New START သဘောတူညီချက်တွင် ပါဝင်မှုကို ရုရှားအနေဖြင့် ရပ်ဆိုင်းကြောင်း အင်္ဂါနေ့တွင် ပူတင်က ကြေညာခဲ့သည်။ အမေရိကန်နှင့် နေတိုးမဟာ မိတ်များက ယူကရိန်းအရေးတွင်ရုရှားကို ရှုံးနိမ့်ရန်လုပ်ဆောင်နေချိန်တွင် ရုရှားအနေဖြင့် ၎င်းတို့ နျူကလီးယား စခန်းများအပေါ် အမေရိကန်၏ စစ်ဆေးမှုကိုလက်မခံနိုင်ကြောင်း ပူတင်က ပြောသည်။

သို့သော် စာချုပ်မှ နုတ်ထွက်ခြင်းမဟုတ်ကြောင်း၊ စာချုပ်ပါအချက်အလက်များကို လေးစားသွားမည်ဖြစ်ကြောင်း နှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို အမေရိကန်သို့ အသိပေးမှု ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားတာဝန်ရှိသူများက ပြောသည်။

Russia 1 ရုပ်သံနှင့် အင်တာဗျူးတွင် ပူတင်က နေတိုးနိုင်ငံများသည် စာချုပ်တွင် မပါဝင်သော်လည်း ၎င်းတို့သည် ထိုအကြောင်းအရာနှင့် ပတ်သက်သည့် ဆွေးနွေးမှုများတွင် ပါဝင်လာကြောင်း၊ ယင်းကို ရုရှားက ကန့်ကွက် ကြောင်း၊ အထူးသဖြင့် နေတိုး၏ နျူကလီးယားစွမ်းရည်ကို လျစ်လျူရှုထား၍ မရသည့်အခြေအနေတွင်ရှိကြောင်း ပြောသည်။ အနောက်အုပ်စုသည် ရုရှားကို ပျောက်ကွယ်သွားစေလိုနေသည်ဟုလည်း ပူတင်က စွပ်စွဲသည်။ ယူကရိန်းကျူးကျော်စစ်နှင့်ပတ်သက်၍ ကာကွယ်ရာတွင်လည်း ၎င်းက ထိုသို့ ကြိမ်ဖန်များစွာ ပြောခဲ့ဖူးသည်။

၎င်းတို့တွင် ရည်ရွယ်ချက်တစ်ခုသာရှိကြောင်း၊ ဆိုဗီယက်ပြည်ထောင်စုဟောင်းနှင့် ယင်း၏အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ဖျက်သိမ်းရန်ပင်ဖြစ်ကြောင်းလည်း ပူတင်က ပြောခဲ့သည်။

Source:AP