CNI International News

ဆိုးလ်၊ မတ်လ ၂၆

တောင်ကိုရီးယားနိုင်ငံ၏ ရွေးကောက်ခံသမ္မတသစ် ယွန်ဆော့ရွဲသည် မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ရေးနှင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးတို့အတွက် အနီးကပ် ပူးပေါင်းဆောင်ရွက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မတ်လ ၂၅ ရက်တွင် တောင်းဆိုခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟက်သတင်းဌာနက ဖော်ပြသည်။

ယွန်ဆော့ရွဲ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ခဲ့ခြင်းအပေါ် ယွန်ဟက်သတင်းဌာနက ကိုးကားဖော်ပြခဲ့ခြင်း ဖြစ် သည်။

မြောက်ကိုရီးယား တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး နောက်တစ်နေ့တွင် ရှီကျင့်ဖျင်နှင့် ၂၅ မိနစ်ကြာ တယ်လီဖုန်း ခေါ်ဆိုမှုအတွင်း ယွန်ဆော့ရွဲက ဒေသတွင်း တင်းမာမှုများ တိုးလာနေခြင်းအကြောင်း အလေးပေး ဆွေးနွေးခဲ့ သည်။

သမ္မတသစ်၏ ပြောရေးဆိုခွင့်ရှိသူ ကင်မ်အွန်ဟေးက “မြောက်ကိုရီးယားရဲ့ ICBM အမျိုးအစား တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ခံသမ္မတ ယွန်ဆော့ရွဲက ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားရဲ့ ပြင်းထန်တဲ့ ရန်လိုမှု ကြောင့် ကိုရီးယားကျွန်းဆွယ်နဲ့ ဒေသတွင်း တင်းမာမှုတွေ အရှိန်အဟုန်နဲ့ တိုးလာမှာကို တောင်ကိုရီးယားပြည်သူတွေ အင်မတန် စိုးရိမ်တဲ့ကြောင်း မနေ့က ပြောခဲ့ပါတယ်” ဟု တောင်ကိုရီးယား ယွန်ဟက်သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား ကင်မ်က ICBM တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုကြီးကြပ်(KCNA)

“မြောက်ကိုရီးယား နျူကလီးယား လုံးဝကင်းစင်ရေးနဲ့ ကိုရီးယားကျွန်းဆွယ် အခြေအနေ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ယွန်ဆော့ရွဲက တောင်းဆိုခဲ့ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ယခု ခေါင်းဆောင်နှစ်ဦး ဖုန်းခေါ်ဆိုမှုသည် ရှီကျင့်ဖျင်အနေဖြင့် တောင်ကိုရီးယားခေါင်းဆောင်သစ် တစ်ဦးနှင့် ပထမဆုံး အကြိမ် ဆွေးနွေးမှုဖြစ်ကြောင်း၊ မကြာမီ တက်လာမည့် တောင်ကိုရီးယားအစိုးရနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ရန် အတွက် ဘေဂျင်း၏ အရေးကြီးပုံကို ရှီက ပြန်လည်ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ တိုက်ရိုက်အမိန့်အရ မတ်လ ၂၄ ရက်တွင် Hwasong-17 ဟု အမည် ပေးထား သော တိုက်ချင်းပစ်ဒုံးကျည် (ICBM) အသစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပြုံယမ်းက အတည်ပြု ကြေညာခဲ့ သည်။

မြောက်ကိုရီးယား ICBM တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်(KCNA)

၂၀၁၇ နှောင်းပိုင်း ကတည်းက တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ နံပါတ်တစ် ဦးစားပေး မဟာမိတ်အဖြစ် ရပ်တည် ပေးခဲ့ ပြီး စီးပွားရေး အကျိုးခံစားခွင့်လည်း ရရှိထားသည်။ တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုသည် ပြုံးယမ်း၏ ဒုံးကျည်နှင့် နျူကလီး ယား အစီအစဉ်များကို ဖျက်သိမ်းရန် အဓိက သော့ချက်လည်း ဖြစ်သည်။

ရှီကျင့်ဖျင်က တောင်ကိုရီးယား၏ မတ်လ ၉ ရက် ရွေးကောက်ပွဲ အောင်နိုင်ခြင်းအတွက် ယွန်ဆော့ရွဲထံသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး တောင်ကိုရီးယားသည် ဘေဂျင်း၏ ရင်းနှီးသော အိမ်နီးချင်းနှင့် အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့ ဖုန်းခေါ်ဆိုမှုမှာ ရွေးကောက်ခံသမ္မတ ယွန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင် ခြင်း အနှစ် ၃၀ ပြည့် အခမ်းအနားကျရင် တောင်ကိုရီးယား-တရုတ် ဆက်ဆံရေးသစ် တိုးတက်အောင် လုပ်ဆောင်ကြဖို့ သဘောတူ လက်ခံခဲ့ကြပါတယ်” ဟု သမ္မတသစ်၏ ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားခဲ့ကြောင်း ယွန်ဟက် သတင်းဌာန၌ ဖော်ပြထားသည်။

Source: Yonhap News Agency