CNI International News

ဝါဆော၊ မတ်လ ၂၆

ပိုလန်နိုင်ငံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာစဉ်အတွင်း ဥရောပ၌ အမေရိကန်တပ်များ စနစ်တကျ ဖြန့်ကြက် ချထားနိုင်ခြင်းအပေါ် အာဏာရှင်ဆန့်ကျင်ရေးအတွက် ဒီမိုကရေစီတိုက်ပွဲ၏ တစိတ်တပိုင်းအဖြစ် ချီးကျူးပြောကြားခဲ့ ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်၌ သတင်းဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်နှင့် တခြားနိုင်ငံများက မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(နေတိုး)၏ အရှေ့ဘက်ခြမ်း အင်အား ဖြည့်တင်းနေစဉ်အတွင်း ဘိုင်ဒန်၏ အထက်ပါအတိုင်း ချီးကျူးစကား ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်သည် ၎င်း၏ ဥရောပခရီးစဉ် အဆုံးသတ်ရန်အတွက် ယူကရိန်းနယ်စပ်အနီး ပိုလန်နိုင်ငံထဲရှိ Rzeszow လေတပ် စခန်း သို့ သွားရောက်၍ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် ဘိုင်ဒန်က “မိမိတို့ တပ်များဖြန့်ကြက်ရခြင်းမှာ ဒီမိုကရေစီနှင့် လူတစ်စု ချုပ်ကိုင်သော အုပ်ချုပ်ရေးစနစ်တို့ အကြားတိုက်ပွဲ၏ တစိတ်တပိုင်း ကြိုးပမ်းချက်ဖြစ်ကြောင်း” မတ်လ ၂၅ ရက်တွင် ၎င်း၏တပ်ဖွဲ့ဝင်များကို အမှာစကား ပြော ကြားခဲ့သည်။

ပိုလန်ရှိ အမေရိကန်စစ်စခန်းသို့ ဘိုင်ဒန်ရောက်ရှိစဉ်(Reuters)

“ခင်ဗျားတို့ဟာ ကမ္ဘာ့သမိုင်းမှာ အကောင်းဆုံး တိုက်ခိုက်ရေး အင်အားစုတွေပဲ ဖြစ်တယ်။ ဒါဟာ ခင်ဗျားတို့ တိုက်ပွဲဝင်နေတဲ့ အကျိုးဆက်ပါပဲ။ အရေးကြီးတာက ဒီကမ္ဘာမှာ ခင်ဗျားတို့ သားမြေးတွေဟာ သူတို့လွတ်လပ်မှု ဘယ်လိုပုံစံနဲ့ သွားကြမလဲဆို တာပါ။ အခု ခင်ဗျားတို့ လုပ်နေတာဟာ ယူကရိန်းပြည်သူတွေရဲ့ နာကျင်မှုကို သက်သာစေတာဖြစ်စေ၊ မသက်သာစေတာ ဖြစ်စေ အဲဒီရည်ရွယ်ချက်ထက် အများကြီးပိုပါတယ်” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ကတည်းက အမေရိကန်သည် ဥရောပသို့ တပ်ဖွဲ့ဝင်အင်အား ၁၂,၀၀၀ ခန့် စေလွှတ်ခဲ့ပြီး နေတိုး မဟာမိတ်များ အပေါ် ရုရှားခြိမ်းခြောက်မှုကို တုံ့ပြန်ရန်နှင့် လူသားချင်းစာနာမှု အထောက်အပံ့ပေးရန် ရည်ရွယ်လျက် တပ်အများစုကို ပိုလန် နိုင်ငံထဲ၌ ချထားခဲ့သည်။

ထို့ပြင် ဥရောပရှိ လက်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများမှ အရှေ့ဘက်ခြမ်းသို့ ဦးတည်ကာ ထောင်နှင့်ချီ၍ တပ်ဖြန့်ခဲ့ သည်။

သို့သော် ၎င်း၏ တပ်ဖွဲ့ဝင်များသည် နေတိုးမဟာမိတ်များကို ကာကွယ်ရန်အတွက် ဥရောပမြေပေါ်တွင် ရှိနေမည်ဖြစ်ပြီး ရုရှားနှင့် တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း ဘိုင်ဒန်က ထပ်တလဲလဲ ရှင်းလင်းပြောကြားခဲ့သည်။

ယခု မတ်လအစောပိုင်းတွင် နေတိုးနှင့်ရုရှားတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုရှိခဲ့လျှင် တတိယကမ္ဘာစစ်သို့ ဦးတည်သွားနိုင်၍ တားဆီးရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Source: BBC