CNI International News

ဝါရှင်တန်၊ မေလ ၂၇

တောင်ကိုရီးယား K-pop စူပါကြယ်ပွင့် BTS အဖွဲ့သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံ၍ အာရှလူမျိုးစု အသီးသီး ကို ပစ်မှတ်ထားသော အမုန်းတရားဆိုင်ရာ ရာဇဝတ်မှုများကို ဆန့်ကျင် ဖြေရှင်းနိုင်ရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

လာမည့် သီတင်းပတ်၌ တောင်ကိုရီးယား K-pop စူပါကြယ်ပွင့် BTS အဖွဲ့သည် အမေရိကန်သမ္မတ အိမ်ဖြူတော်သို့ သွားရောက်မည်ဖြစ်သည်။

ဘိုင်ဒန်သည် မေလ ၃၁ ရက် (အင်္ဂါနေ့)တွင် ကမ္ဘာကျော် ဂီတအဖွဲ့ဖြစ်သည့် BTS ကို လက်ခံတွေ့ဆုံရန် စီစဉ်ထားပြီး အာရှပါဝင်မှုနှင့် ကိုယ်စားပြုမှုတို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ မကြာသေးမီ နှစ်များအတွင်း ပိုမိုထင်ရှားသော ပြဿနာ တစ်ရပ် ဖြစ်လာသည့် အာရှဆန့်ကျင်ရေး အမုန်းတရား အခြေခံသည့် ရာဇဝတ်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ကိုင်တွယ် ဖြေရှင်းရန် ရည်ရွယ်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဖွဲ့ဝင် ၇ ဦးပါသော တောင်ကိုရီးယား အမျိုးသားငယ်များ ဂီတအဖွဲ့ဖြစ်သည့် BTS သည် ၎င်းတို့၏ ရေပန်းစားသော သီချင်း များနှင့် အကများကြောင့် ကမ္ဘာကျော်ခဲ့ပြီး နိုင်ငံတကာပရိသတ် သန်းနှင့်ချီ၍ အားပေးမှုကို ရရှိနေကြသည်။ ယခုနှစ် ဖေဖော်ဝါရီလ၌ ၎င်းအဖွဲ့သည် IFPI တစ်နှစ်လုံး၏ အကောင်းဆုံး ကမ္ဘာလုံးဆိုင်ရာ ဂီတပညာသည် (IFPI Global Recording Artist of the Year) ဆုကို ဒုတိယနှစ်အဖြစ် နှစ်နှစ် ဆက်တိုက် ဆွတ်ခူးခဲ့သည်။

ယမန်နှစ်က အာရှနွယ်ဖွား အမေရိကန်လူမျိုးများကို အမုန်းပွားစေသည့် ရာဇဝတ်မှုများ များပြားနေချိန်၌ အာရှ-အမေရိကန် သွေးနှောသူများဆိုင်ရာ ဟာဝါယီ/ပစိဖိတ်ဒေသဆိုင်ရာ အစည်းအဝေး Hawaiian/Pacific Islander (AANHPI) ကို ယခု မေလတွင် ကျင်းပရန် အချိန်နီးကပ်လာချိန်၌ ယခုကဲ့သို့ ဘိုင်ဒန်နှင့် BTS တွေ့ဆုံမည့်သတင်း ပေါ်ထွက်လာခဲ့သည်။

အခြားတင်းမာမှုများ ရှိနေချိန်၌ နိုင်ငံရေးသမားအချို့နှင့် ပညာရှင်များက တရုတ်နိုင်ငံအပေါ် Covid-19 ကိစ္စကြောင့် အပြစ် တင်ရန် တိုက်တွန်းလှုံ့ဆော်ကြသဖြင့် အမေရိကန်ပြည်တွင်းရှိ အာရှနွယ်ဖွားများအား တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန် လာခဲ့သည်။

တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့တွင် ဆံသဆိုင်တစ်ခုတွင် အာရှနွယ်ဖွား အမျိုးသမီး ၃ ဦကို ပစ်သတ်မှုဖြင့် အမျိုးသား တစ်ဦးကို ယခုလ အတွင်း စွဲချက်တင်ခဲ့သည်။ ထိုဖြစ်စဉ်ကို အမုန်းတရား အခြေခံသည့် ရာဇဝတ်မှုအဖြစ် အမေရိကန် အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်။

BTS အဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် ပွဲဦးထွက် ဖျော်ဖြေပြီးကတည်းက လူငယ်ထုအတွင်းသို့ ခွန်အားဖြစ်စေရန် ရည်ရွယ်သည့် သီချင်း စာသားများ ရေးဖွဲ့သီကုံးခြင်းနှင့် လူမှုရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် အထူးထင်ရှားလာခဲ့သည်။

“မတူကွဲပြားမှုနဲ့ ပေါင်းစည်းခြင်းတို့ရဲ့ အရေးပါမှုအတွက် တကမ္ဘာလုံးရဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင်ဝါဒ ဖြန့်ဖြူးပေမယ့် လူငယ်သံတမန်များအဖြစ် BTS စင်မြင့် (platform) ကို ဘိုင်ဒန်နှင့် BTS တို့ ဆွေးနွေးကြမှာဖြစ်ပါတယ်” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ထိုအဖွဲ့ကို စီမံခန့်ခွဲပေးနေသည့် Big Hit Music လုပ်ငန်းက ယခုကဲ့သို့ အိမ်ဖြူတော်သို့ ဖိတ်ကြားခံရခြင်းအတွက် ဂုဏ်ယူမိပါ ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“တောင်ကိုရီးယားကို ကိုယ်စားပြုတဲ့ အနုပညာရှင်တွေ လာရောက်လည်ပတ်ရင်းနဲ့ ပါဝင်ပတ်သက်မှု၊ မတူကွဲပြားမှု၊ အာရှ အမုန်းပွား ရာဇဝတ်မှု ဆန့်ကျင်ရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာ အပါအဝင် ကဏ္ဍပေါင်းစုံ ဆွေးနွေးဖို့ အားခဲပါတယ် ” ဟု အဆိုပါ လုပ်ငန်းက ပြောကြားခဲ့သည်။

အဖွဲ့ခေါင်းဆောင်နှင့် ရက်ပ်ပါဖြစ်သူ RM က ၎င်း၏ အွန်လိုင်း ပရိသတ်များအတွက် ပလက်ဖောင်းဖြစ်သည့် Weverse တွင် အိမ်ဖြူတော်သို့ သွားရန် ၎င်းတို့ ဆုံးဖြတ်ချက်ကို ရေးသားလွှင့်တင်၍ အသိပေးခဲ့ပြီး အိမ်ဖြူတော်၏ ဖိတ်ကြားချက်မှာ “ကောင်းသော အကြောင်းတရား တစ်ခုဖြစ်ကြောင်း” မှတ်ချက်ပေးခဲ့သည်။

Source: Reuters