CNI International News

မော်စကို၊ မေလ ၂၇

ယူကရိန်း-ရုရှား တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း ဆန်စပါးနှင့် အခြားလယ်ယာထွက်ကုန် တန်ချိန်သန်းနှင့်ချီ၍ တင်ပို့နိုင်ခြင်း မရှိသောကြောင့် ပိုမိုဆိုးရွားလာနေသည့် စားနပ်ရိက္ခာ အကျပ်အတည်းအတွက် မော်စကိုသည် ၎င်းအပေါ် အပြစ်တင်ခံရခြင်းမှ ဖယ်ရှားရန် ကြိုးစားနေကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

ထို့နောက် ယူကရိန်းအား ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် အရေးယူ ပိတ်ဆို့ခံထားရသော ရုရှားက မိမိအပေါ် ပိတ်ဆို့အရေးယူထားမှုများကို ရုပ်သိမ်းပေးရန် အနောက်အုပ်စုအား တိုက်တွန်းခဲ့ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။

ရုရှားသည် ကမ္ဘာကို အကျပ်ကိုင်ဖို့ ကြိုးစားနေကြောင်း ဗြိတိန်က ချက်ချင်းတုံ့ပြန် စွပ်စွဲလိုက်ပြီး ပိတ်ဆို့ အရေးယူမှုများမှ သက်သာရာရစရာ မမြင်သေးကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“ကျူးကျော်မှုသည် ကြမ်းတမ်းရိုင်းစိုင်းမှု၊ ရက်စက်မှုနှင့် တရားမဲ့ ပြုကျင့်မှုဖြစ်ကြောင်း” အမေရိကန် ထိပ်တန်းသံတမန် တစ်ဦးက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“အနောက်နိုင်ငံများက ချမှတ်ထားသော နိုင်ငံရေးအရ ဖိအားပေးသည့် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးလျှင် စပါးနှင့် ဓာတ်မြေဩဇာ တင်ပို့မှုကနေတဆင့် စားနပ်ရိက္ခာ အကျပ်အတည်းကို ကျော်လွှားရန် မော်စကိုအနေဖြင့် သိသာစွာ ပံ့ပိုး ကူညီရန် အသင့်ရှိကြောင်း” ရုရှားသမ္မတ ဗလာဒီမာပူတင်က အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီကို ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်မှ တယ်လီဖုန်းခေါ်ဆိုမှု မှတ်တမ်းအရ သိရသည်။


ရုရှား/ယူကရိန်းစစ်ပွဲအတွင်းက ယူကရိန်းအပျက်အစီး(AP)


ယူကရိန်းနိုင်ငံသည် ကမ္ဘာအရပ်ရပ်သို့ ဂျုံ၊ ပြောင်းနှင့် နေကြာဆီများ အမြောက်အမြား တင်ပို့ရောင်းချပေးနေသည့် နိုင်ငံဖြစ်သည်။

သို့သော် စစ်မက် ဖြစ်ပွားနေခြင်းနှင့် ရုရှားက ယူကရိန်းဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းတို့ကြောင့် ကုန်စည် စီးဆင်းမှု အများအပြား ရပ်တန့်သွားခဲ့ပြီး ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့တင်ပို့မှုကို အန္တရာယ် ရှိလာစေခဲ့သည်။

ယခုအခါ ယူကရိန်းဆိပ်ကမ်းများသည် အပြင်းအထန် တိုက်ခိုက်ခံနေရသည်။

ရုရှားနိုင်ငံသည်လည်း ကမ္ဘာအတွက် အရေးပါသော စပါးတင်ပို့ ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အနောက်နိုင်ငံများ အနေဖြင့် သင်္ဘောစင်းလုံးငှားခြင်းနှင့် စပါးတင်ပို့ခြင်းတို့ကို တားဆီးသည့် ဥပဒေမဲ့ ဆုံးဖြတ်ချက်များကို ပယ်ဖျက်ပေးရမည် ဖြစ် ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောကြားခဲ့သည်။

ရုရှား/ယူကရိန်းစစ်ပွဲအတွင်းက ယူကရိန်းအပျက်အစီး(AP)

ယူကရိန်း ပို့ကုန်များကို ပိတ်ဆို့ထားရန် ကြိုးပမ်းရင်း ရုရှားသည် ကိုယ်တိုင် တင်ပို့သည့် ကုန်ပစ္စည်းများ အရွှေ့အပြောင်း လုပ်ရာတွင်ပါ အကျပ်ရိုက်လာကြောင်း ပက်စကော့ဗ်၏ သဘောထား မှတ်ချက်များအရ သိရသည်။

အနောက်အုပ်စု အစိုးရ တာဝန်ရှိသူများကတော့ အထက်ပါ သဘောထား မှတ်ချက်များကို ပယ်ချခဲ့ကြသည်။

“အစားအသောက်၊ ဓါတ်မြေဩဇာနှင့် မျိုးစေ့များကို အမေရိကန်နှင့် အခြား ပိတ်ဆို့အရေးယူသည့် နိုင်ငံများက ကင်းလွတ်ခွင့် ပေးထားပါကြောင်း၊ ကုန်စည်စီးဆင်းမှု မထိခိုက်သင့်ဟု နိုင်ငံအများအပြား သိရှိစေရန် ဝါရှင်တန်က လုပ်ဆောင်နေကြောင်း” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

ရုရှားကျူးကျော် စစ်ပွဲသည် စတုတ္ထလသို့ ရောက်ရှိသည်နှင့်အမျှ ကမ္ဘာ့ခေါင်းဆောင်များသည် အဖြေတစ်ခု ရှာတွေ့ရန် တောင်းဆိုမှုများ အရှိန်မြှင့်လာခဲ့ကြသည်။

Source: AP