CNI International News

မော်စကို၊ ဧပြီ ၆

မော်စကိုနှင့်ကိယက်ဗ်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အနှောင့်အယှက်ဖြစ်အောင် ယူကရိန်းနိုင်ငံ၊ ဘူချာမြို့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများဖြင့် အနောက်အုပ်စု လှုံ့ဆော်သွေးထိုးနေသည်ဟု မိမိတို့ယုံကြည်ထား ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့က ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တိုးတက်အောင် လုပ်ဆောင်နေ ချိန်တွင် ဘူချာမြို့ဖြစ်စဉ်များကို ခင်းကျင်းမိတ်ဆက်ပြီး ကမ္ဘာက ဒေါသဖြစ်အောင် လှုံ့ဆော်ပေးနေသည်ဟု လာဗရော့က ဆက်လက်ပြောကြားခဲ့ကြောင်း ရုရှားအာဘော် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

“လက်ရှိစေ့စပ်ညှိနှိုင်းမှုတွေကို အနှောင့်အယှက်ပေးဖို့ အကြောင်းပြချက် ရှာဖွေနေတယ်လို့ ကျနော်တို့ ဒီလိုပဲ ယူဆပါတယ်။ သူတို့ပြောသလို အလင်းရောင်တစ်ခု အတိအကျ မတောက်ပနိုင်သေးပေမယ့် အခုအချိန်က မိုးလင်းခါနီး အချိန်ပါ” ဟု ၎င်းက မှတ်ချက်ချသည်။

“မတ်လ ၂၉ ရက်မှာ ကျနော်တို့ နှစ်ဘက်ကိုယ်စားလှယ်တွေ ဆွေးနွေးမှုဟာ ပထမဆုံးအနေနဲ့ တော်တော်လေး တိုးတက်လာခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ အခု ငြိမ်းချမ်းရေးစာချုပ်ဟာ သူတို့အခြေအနေနဲ့ လုံခြုံရေး အာမခံချက် ဘယ်လိုရှုမြင်ထားတယ်ဆိုပြီး မျှော်မှန်းချက်တွေ အဆိုပြုခဲ့ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ရုရှားနှင့် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်တွင် ကိယက်ဗ်အနေဖြင့် ၎င်းကိုယ်ကို ကြားနေဟု ကြေညာရန် ပထမဆုံး အကြိမ် စာရွက်ပေါ်ရေးသားကြေညာဖို့ အသင့်ရှိကြောင်း၊ နျူကလီးယားနှင့်မပတ်သက်သော မည်သည့်အဖွဲ့နှင့် လိုက်လျောညီထွေဖြစ်စေမည်ဖြစ်ကြောင်း လာဗရော့၏ အဆိုအရ သိရသည်။

အခြားနိုင်ငံများ၏လက်နက်များ ယူကရိန်းပိုင်နက်ထဲတွင် ချထားခြင်းငြင်းဆိုရန် (သို့မဟုတ်) အနာဂတ်စစ်ရေး သဘောတူစာချုပ်တွင် ရုရှားအပါအဝင် အာမခံပေးမည့်နိုင်ငံအားလုံး၏ သဘောတူညီချက်မပါဘဲ နိုင်ငံခြားတပ် များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု မပြုရန်တို့ သဘောတူလက်ခံကြဖို့ ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ယခုဆွေးနွေးနေဆဲ သဘောတူညီချက်အရ လုံခြုံရေးအာမခံချက်နှင့်ပတ်သက်၍ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့(နေတိုး)၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုကို လုံးဝငြင်းပယ်လျက် ဥရောပတွင် ခွဲခြားမရနိုင်သော လုံခြုံရေးအနေ အထား ရပ်တည်သွားကြရန် လာဗရော့က စောဒက တက်ခဲ့သည်။
အဆိုပါ လုံခြုံရေးအာမခံချက်များသည် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ဒွန်ဘတ်စ်ဒေသတို့နှင့် သက်ဆိုင်မည် မဟုတ် ကြောင်း၊ တိုးတက်မှုအနေအထားရှိသော အပြောင်းအလဲတစ်ရပ်ကို ယူကရိန်းဘက်မှ လိုလားနေကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဗရော့က ဖြည့်စွက်ပြောကြားခဲ့သည်ဟု အာရ်တီသတင်းအရ သိရသည်။

Source: အာရ်တီသတင်းဌာန