CNI International News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၀

ထောက်လှမ်းရေးလုပ်သည်ဟု သံသယရှိသော ရုရှားသံတမန် ဆယ်ဂဏန်းခန့်ကို ဥရောပနိုင်ငံများက နှင်ထုတ်ကြောင်း ကြေညာခဲ့ကြသည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက မတ်လ ၃၀ ရက်တွင် ရေးသားဖော်ပြသည်။

သံတမန်အသွင်ယူ၍ ထောက်လှမ်းရေး အရာရှိဖြစ်နေသူ ရုရှားနိုင်ငံသား ၁၇ ဦးကို မိမိတို့အစိုးရ နှင်ထုတ်လိုက်ကြောင်း နယ်သာလန်နိုင်ငံက ကြေညာခဲ့သည်။ အလားတူ ၎င်းတို့ပြည်တွင်းရှိ ရုရှားသံရုံးမှ သံတမန် ၂၁ ဦးကို ထုတ်ပယ်လိုက်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံကလည်း ကြေညာခဲ့သည်။

နိုင်ငံတကာစံနှုန်းများနှင့် မညီညွတ်သည့် သံတမန် အပြုအမူများကြောင့် မိမိတို့နိုင်ငံထဲမှ ရုရှားအကြီးတန်းအရာရှိ ၄ ဦး ထွက်ခွာကြရန် အိုင်ယာလန်နိုင်ငံကလည်း အမိန့်ထုတ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ချက်သမ္မတနိုင်ငံက ရုရှားသံတမန်တစ်ဦးကို နိုင်ငံထဲမှ ထွက်ခွာရန် ၇၂ နာရီအတွင်း အချိန်ပေးခဲ့သည်။
မော်စကိုက ယူကရိန်းကို ကျူးကျော်ပြီး ရုရှားနှင့်အနောက်အုပ်စု နိုင်ငံများအကြား ဆက်ဆံရေး အေးစက်သွားချိန်၌ ယခု ကဲ့သို့ သံတမန်နှင်ထုတ်မှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။

ပိုလန်နိုင်ငံသည် ၎င်းပြည်တွင်းသို့ လာရောက်လုပ်ကိုင်နေသည့် သံတမန်အဆင့်အတန်းရှိသူ ရုရှားနိုင်ငံသား ၄၅ ဦးကို ပြီးခဲ့သည့် သီတင်းပတ်၌ ထောက်လှမ်းရေးအရာရှိများဟု စွပ်စွဲ၍ နှင်ထုတ်ခဲ့ပြီး ဖြစ်သည်။

နယ်သာလန်နိုင်ငံက ရုရှားသံရုံး(GETTY IMAGES)

အမေရိကန်၊ ပိုလန်၊ ဘူလ်ဂေးရီးယား၊ စလိုဗက်ကီးယား၊ အက်စတိုးနီးယား၊ လတ်ဗီယား၊ လစ်သူယေးနီးယားနှင့် မွန်တီနီဂရိုး တို့တွင်လည်း အလားတူ ရုရှားသံတမန် နှင်ထုတ်မှုများကို ကိုးကားလျက် မိမိတို့နိုင်ငံသည်လည်း သဘောထားချင်း တူညီ သည့် နိုင်ငံများနှင့်တိုင်ပင်လျက် ယခုကဲ့သို့ နှင်ထုတ်ရေးဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း နယ်သာလန်နိုင်ငံက မတ်လ ၂၉ ရက်တွင် ကြေညာခဲ့သည်။

“အဲဒီသံတမန်အဖွဲ့ဟာ ကျနော်တို့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတွေရှိလာတဲ့အတွက် အခုလို နှင်ထုတ်ဖို့ အစိုးရ အဖွဲ့ က ဆုံးဖြတ်ခဲ့တာပါ” ဟု နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နယ်သာလန်ဆိုင်ရာ ရုရှားသံအမတ်ကို ဝန်ကြီးဌာနရုံးသို့ ဆင့်ခေါ်၍ ပြည်တွင်းမှ အမြန်ဆုံး ထွက်ခွာကြဖို့ အသိပေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက် ထဲတွင် ဆက်လက် ဖော်ပြထားသည်။

“အကြောင်းအရင်းကတော့ သံတမန်တွေအဖြစ် အသိအမှတ် ပြုခံထားရသူတွေဟာ ထောက်လှမ်းရေး အရာရှိတွေအနေနဲ့ လျှို့ဝှက်လှုပ်ရှားတယ်ဆိုပြီး ခိုင်လုံတဲ့ အချက်အလက်တွေ ရရှိထားလို့ ဖြစ်ပါတယ်” ဟု သည်ဟိဂ်မြို့ (The Hague) အခြေစိုက် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source: Aljazeera