CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၀

ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA)ခေါင်းဆောင် ဖုန်ကြားရှင်၏ ဈာပနအခမ်းအနားကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ အပါအဝင် လူဦးရေ ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဈာပန အခမ်းအနားကို အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၏ ဌာနချုပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် မတ်လ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ခမ်းခမ်နားနား ကျင်းပလျက်ရှိသည်။

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်သည် ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ပုန်ကန်ခဲ့သူဖြစ်ကာ ထိုပုန်ကန်မှုသည် ပြည်တွင်း စစ်သမိုင်းကို ပြောင်းလဲစေခဲ့ကြောင်း၊ လက်ရှိမြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လျှောက်လှမ်းနေသည့် လမ်းကြောင်းတွင် ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သူဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က ပြောသည်။

ဦးရဲထွန်းက “ပြောရရင်တော့ သူရှေ့ဆောင်ရှေ့ရွက်ပြုပြီးတော့ ဗကပကို တိုက်ခဲ့တဲ့ ပြိုကွဲအောင် လုပ်ခဲ့တဲ့ဟာက သူတို့ အားလုံးအပေါ်မှာ ကျေးဇူးရှိတာကိုး၊ သူက ရှေ့ဆောင်ပြီးတော့ ခွဲထွက်လိုက်တဲ့ နောက်ပိုင်းမှာ ပုန်ကန်လိုက်တဲ့ နောက်ပိုင်း မှာ “ဝ” တို့၊ ဦးစိုင်းလင်းရဲ့ ကျနော်တို့ ခေါ်တာတော့ ၈၁၅ စစ်ဒေသပေါ့၊ အဲဒါတွေက ပြိုကွဲသွားတာပေါ့၊ နောက်တစ်ခါ မုန်းကိုးတို့ အဲဒါတွေက နောက်ဆက်တွဲတွေဆိုတော့ သူက ဘာပဲဖြစ်ဖြစ် သူတို့ အခုလက်ရှိ လျှောက်နေတဲ့ လမ်းကြောင်းမှာ သူကတော့ ရှေ့ဆောင်ပေါ့၊ ပိုင်အိုးနီးယားဖြစ်တာပေါ့ ၊ ဒါကြောင့် ကျေးဇူးရှိတဲ့သူကို သူတို့ကတော့ ဂုဏ်ပြုရမှာပေါ့”ဟု ပြော သည်။

ဖုန်ကြားရှင် ဈာပန အခမ်းအနားမှာတွေ့ရတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်

အဆိုပါ ဈာပနအခမ်းအနားကို မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များဖြစ်ကြသည့် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ ရက္ခိုင့်တပ်တော်(AA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC မှ ခေါင်းဆောင် များ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အဆိုပါ ဈာပန အခမ်းအနားသို့ တပ်မတော်က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်ထွန်း တက်ရောက်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။

ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ် ရှိပြီ ဖြစ်သည်။