CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ကို MNDAA (ကိုးကန့်)တပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် ဝင်ရောက် တိုက်ခိုက်မည်ဆိုသော ကောလာဟလသတင်းသည် သတင်းအမှားဖြစ်ပြီး ကိုးကန့်ဒေသမှာ တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လတ်တလောတွင် ကိုးကန့်ဒေသနှင့်စပ်လျဉ်း၍ အမျိုးမျိုးသော သတင်းမှားများနှင့် မဟုတ် မမှန်သော အချက်အလက်များ (ဗွီဒီယို/စာတို စသည့်) အများအပြားကို အွန်လိုင်း ပလက်ဖောင်းများ တွင် ပျံ့နှံ့စေခဲ့ကြောင်း၊ မိမိတို့ ဒေသရှိ လူမှုအသိုက်အဝန်းနှင့် ပြည်သူများ၏ ထုတ်လုပ်မှုများနှင့် လူနေမှုဘဝများ အပေါ် ထိခိုက်မှုများ ဖြစ်စေခဲ့ပါကြောင်း ဖော်ပြထားသည်။

ထို့နောက် မြန်မာနိုင်ငံရှိ ကိုးကန့်လူမျိုးသည် ငြိမ်းချမ်းရေးကို နှစ်သက်ကြပြီး ဒေသအတွင်း လက်ရှိ အခြေအနေ မှာ ပုံမှန်တည်ငြိမ်လျက်ရှိကြောင်း၊ တပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်နက်ကိုင်အဖွဲ့အစည်းများ သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ကာကွယ်နိုင်သော အရည်အချင်းရှိကြောင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးက ဆိုသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး တရုတ်ဘာသာနဲ့ထုတ်ပြန်ချက်

၎င်းက “ ပြည်သူလူထုများ အနေဖြင့် အွန်လိုင်းပေါ်က သတင်းမှားများကို မယုံမှားစေရန်နဲ့ သတင်းမှားများကို မဖြန့်ရန် သတိပြုပါ။ အွန်လိုင်း ပလက်ဖောင်း အသီးသီးတွင် ကျနော်တို့ ဒေသနှင့် သက်ဆိုင်သော အမျိုးမျိုး သော သတင်းမှားများနှင့် မဟုတ်မမှန်သော အချက်အလက်များ (ဗွီဒီယို၊ စာတိုစသည့်) သတင်းဖြန့်သော သူများ ချက်ချင်းဖျက်ရန်” တောင်းဆို ထုတ်ပြန်ထားသည်။

ထို့နောက် ကြေညာချက် ထုတ်ပြန်သည့် နေ့မှစ၍ မိမိတို့ဒေသတွင် အမျိုးမျိုးသော သတင်းမှားများနှင့် မဟုတ် မမှန်သော အချက်အလက်များ (ဗွီဒီယို၊ စာတိုစသည့်) ဖြန့်ကာ ထိတ်လန့်တကြားဖြစ်အောင် ဆိုးရွာသော အပြု အမှုများ ပြုလုပ်မည်ဆိုပါက ဥပဒေနှင့်အညီ စစ်ဆေး ဖော်ထုတ် အရေးယူမည်ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲရုံးက ဒီဇင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့များက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် MNDAA သည် လောက်ကိုင်မြို့ကို တိုက်ခိုက်လာနိုင်သည်ဆိုသော သတင်းများ ကောလာဟလ ထွက်ပေါ်လာကာ ပြည်သူ များက ကြိုတင် တိမ်းရှောင်မှုများ ပြုလုပ်လာခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် လူထောင်နှင့်ချီ၍ ကားများဖြင့် လောက်ကိုင်မြို့မှ တခြားသော ဒေသများသို့ တိမ်းရှောင်နေကြသည်။ တချို့ ရွှေ့ပြောင်း နေထိုင်သူများကတော့ လောက်ကိုင်မြို့မှ မိမိနေရပ်သို့ ပြန်လည် တိမ်းရှောင်ရန် ကားများ ငှားရမ်းလျက်ရှိကြောင်း သိရသည်။