CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် ရက်ချိန်းယူရာတွင် ယခင် အွန်လိုင်းဘိုကင်စနစ်အစား စနစ်အသစ်ပြောင်းလဲလုပ်ဆောင်ခြင်းက ပွဲစားများ ယခုထက်ပိုများလာနိုင်သည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

အွန်လိုင်းဘိုကင်စနစ်အဟောင်းသည် ရုံးဖွင့်ရက်နှင့် ရုံးချိန်အတွင်းသာ လျှောက်ထားနိုင်သော်လည်း လက်ရှိ စနစ်အသစ်သည် ၂၄ နာရီပတ်လုံး ပိတ်ရက်မရှိ လျှောက်ထားနိုင်မည်ဖြစ်သည့်အတွက် ပွဲစားများ ယခုထက် ပိုများပြားလာနိုင်မည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် အေဂျင်စီများက သုံးသပ်ကြခြင်း ဖြစ်သည်။

ဂျပန် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ ဒါရိုက်တာ ကိုနေဦးကိုက “QR စနစ်နဲ့ ဘိုကင်လုပ်တယ်ဆိုပေမယ့် အဲဒီ QR က တကယ်လုပ်မယ့်လူရဲ့ နာမည်မဟုတ်လည်း ရတယ်။ တချို့တွေက QR ကို ပြန်ပြီး ရောင်းစားကြတာ ပေါ့။ အဲဒါလေးကိုတော့ မဖြစ်အောင် ထိန်းသိမ်းစေချင်တာပေါ့။ အမှန်ကလေ တင်လို့ရှိရင် နာမည် ဘယ်သူပါ ဆိုပြီး တင်ကြတာပဲ။ တင်ကြတယ်ဆိုပေမယ့်လည်း QR Code တစ်ခု ရသွားတယ်ဆိုတာနဲ့ ကာယကံရှင်မဟုတ် လည်း သူက ပေးဝင်တာကိုး။ အဲဒီကျ သူတို့ချင်း လက်ဝါးချင်း ရိုက်ထားတာကိုး။ လက်ဝါးချင်း ရိုက်ထားတော့ ပေးဝင်တယ်ဆိုတော့ အရင်ကတည်းကလည်း QR Code မှာက ကာယကံရှင်နာမည်တို့ ပါပြီးသားတွေပါ။ မှတ်ပုံတင်နံပါတ်နဲ့၊ မွေးသက္ကရာဇ်က ပါပြီးသားတွေပဲ။ ဒါပေမယ့် အထဲကလူတွေနဲ့ အပြင်ကလူတွေ လက်ဝါး ရိုက်ပြီးလုပ်တာဆိုတော့ QR Code က လူနဲ့ အပြင်လူနဲ့မတူလည်း ပေးပြီး Pass လုပ်နေတာကို။ အဲဒါ မလုပ်ဘူး ဆိုရင်တော့ ပျောက်သွားမှာပေါ့။ ကြားထဲက ပွဲစားတွေ ပျောက်သွားမှာပေါ့။ အခုက ခွင့်ပြုနေလို့ကိုး” ဟု ပြော သည်။

 QR code ရက်ချိန်းရထားသူများ လာရောက်စောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ-CNI)

လက်ရှိတွင် အွန်လိုင်းဘိုကင် စနစ်အဟောင်းမှ ရက်ချိန်းပေးခြင်းအား ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ရပ်နား ထားခြင်းဖြစ်ပြီး စနစ်အသစ်အား အချိန်ကာလ ၃ ပတ်ခန့်အကြာတွင် စတင်အသုံးပြုနိုင်မည်ဟု နစက သတင်း ထုတ်ပြန်ရေးမှ ပြောသည်။
ထို့အပြင် စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသားသူများအနေဖြင့် QR Code တွင် ပါရှိသည့် ရက်ချိန်းအတိုင်း ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက်နိုင်ကြောင်းလည်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် အွန်လိုင်းဘိုကင်စနစ်ဖြင့် ရက်ချိန်းရယူခြင်းအား ဒီဇင်ဘာ ၅ ရက်နေ့မှ စတင်ရပ်နားထားခြင်းဖြစ်သည့်အတွက် ပွဲစားများမှတစ်ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆ ဈေးဖြင့်ဝယ်ယူခြင်း၊ အခြားသူ၏ QR Code အားလက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများ မပြုလုပ်ကြရန်လည်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ယခင် လူကိုယ်တိုင်သွားရောက်လျှောက်ထားခြင်းစနစ်နှင့် ယခု အန်လိုင်း ဘိုကင်စနစ်တို့တွင် အားနည်းချက် အားသာချက် နှစ်မျိုးလုံးရှိကြောင်း ထိုင်းတွင် အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသည့် FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အနီးတဝိုက်မြင်ကွင်း(ဓါတ်ပုံ-CNI)

 

“ကိုယ်တိုင်တင်ရတဲ့ဟာကျတော့ လူက လိမ်လို့မရတော့ဘူး။ ကိုယ်တိုင်တင်ပြီးတော့မှ လုပ်ရတာကိုး။ ဒါပေမယ့် လည်း ပြဿနာက လိုအပ်တဲ့ ဖောင်တွေ ရေးတယ်၊ ဖြည့်တယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ခုနကပြောတဲ့ အခြေခံ ပညာအရ အားနည်းတယ်။ နောက် ရုံးနဲ့ပတ်သက်တဲ့ဟာဆိုရင် မဖြည့်တတ်၊ မရေးတတ်တဲ့အတွက်ကြောင့် အများစုက အဲဒီပြဿနာတွေကို မရင်ဆိုင်ချင်ဘူး။ အဲဒီအခါကျတော့ ပွဲစားတွေ၊ အကျိုးဆောင် လုပ်ပေးတဲ့ လူတွေကိုပဲ သုံးကြတာများတယ်။ ဝန်ဆောင်မှုပေးရတဲ့ ဘယ်လိုဟာမျိုးတွေပဲ ရှိရှိ သူတို့က အဲဒီဟာတွေကို အသုံးချပြီး လုပ်ကြတာပဲ။ ဒါပေမယ့်လည်း ကျနော်တို့အလုပ်သမားတွေဘက်မှာလည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းတဲ့အခါ ပွဲစားတွေအတွက် အခွင့်အရေးတစ်ခု အမြဲတမ်း ရှိနေမယ့် သဘောရှိတယ်။ ကိုယ်တိုင်လုပ်တဲ့ ဟာက ပိုပြီးတော့ အဆင်ပြေတယ်ဆိုရင် ဒီပွဲစားတွေရဲ့ ကြားဝင်ဆောင်ရွက်မှု အပိုင်းက နည်းသွားမှာကို ကျနော်တို့ တွေ့ရမှာ။ ပွဲစားကတော့ ကျနော်ထင်တယ် လျော့သွားစရာအကြောင်းမရှိဘူး။ တိုးလာဖို့ပဲ ရှိတယ်လို့ ကျနော်မြင်တယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ယခုပြုလုပ်မည့် အွန်လိုင်းဘိုကင်စနစ်အသစ်သည် ပြည်သူအားလုံး လုပ်ဆောင်နိုင်သည့် လွယ်ကူ ရိုးရှင်းလှသည့် စနစ်မျိုးဖြစ်ရန် လိုအပ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် အေဂျင်စီ များက ပြောသည်။

လက်ရှိတွင် နိုင်ငံကူးလက်မှတ်အား ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ကျပ်ငွေ ၅ သိန်းခန့်အထိ ပေါက်ဈေး ရှိနေကြောင်းနှင့် ပွဲစားများမှ QR Code အတုပြုလုပ်၍ လိမ်လည်ခြင်းများလည်း ကြုံတွေ့နေကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများနှင့် အေဂျင်စီများထံက သိရသည်။