CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ရခိုင်အမျိုးသမီးငယ် ၄ ဦးကို လူကုန်ကူးခဲ့သည့် ပွဲစား ၃ ဦးအနက် ၂ ဦးကို ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ မနန္ဒာ၊ မခိုင်သန်းအေးတို့၏ ဆက်သွယ်ချိတ်ဆက်မှုဖြင့် ရခိုင်အမျိုးသမီးငယ် ၄ ဦးကို စစ်တွေမှ တဆင့် ရန်ကုန်၊ ရန်ကုန်မှ တဆင့် ဒူဘိုင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒူဘိုင်းလေဆိပ်တွင် ပန်ပန် (ခ) ခိုင်စန္ဒာမှ စောင့်ဆိုင်းခေါ်ယူခဲ့ကြောင်း၊ ထို့နောက် UAE ၊ အီရတ်၊ ဆော်ဒီအာရေးဗီးယားတို့တွင် ပို့ဆောင်ခံခဲ့ရ ကြောင်း သိရသည်။

မနန္ဒာ၊ ပန်ပန် (ခ) ခိုင်စန္ဒာ တို့နှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း၊ လူကုန်ကူးခံရသည့် မိသားစုဝင်များ၏ အကူအညီတောင်းခံမှုအရ လူကုန်ကူးသူများကို ဖမ်းဆီးအရေးယူနိုင်ရေး ပံ့ပိုးကူညီနေကြောင်း ရခိုင်အမျိုးသား ကွန်ရက်မှဥက္ကဋ္ဌ ဦးတင်ထူးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့က ပံ့ပိုးကူညီသူ၊ ကျနော်တို့က ဒီကိစ္စနဲ့ပတ်သက်ပြီး တရားမျှမှုရရှိအောင် လုပ်ကိုင် ဆောင်ရွက် ပေးသူပေါ့နော်၊ နောက်ပြီးတော့ အဖွဲ့အစည်း အနေနဲ့ တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ ရခိုင်အမျိုးသားဆို တာ ရခိုင်အကျိုးစီးပွားကို သယ်ပိုးဖို့၊ ရခိုင်တွေရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အတွက် ကြောင့် ကျနော်တို့က ဒီအကြောင်းအရာပေါ်မှာ ကျနော်တို့က ပံ့ပိုးကူညီဖို့ပဲ အဓိက တာဝန်ရှိတာပေါ့၊ အဲဒီတော့ ကျနော်တို့ လုပ်လို့ရတဲ့ အပိုင်းကတော့ နံပါတ် ၁ တစ်ချက် မိသားစုဝင်တွေနဲ့ ကျနော်တို့ ဆရာ/ဆရာမတွေ ဥပဒေ အကြံပေး ဆရာ/ ဆရာမတွေရဲ့ ပံ့ပိုးကူညီမှုနဲ့ မိသားစုဝင်တွေနဲ့အတူ ဒီဟာနဲ့ ပတ်သက်ပြီးတော့ မိသားစုဝင် ကိုယ်တိုင် လူကုန်တားမှာ အမှုဖွင့်ဖို့ ဒီဟာက လူကုန်ကူးမှုမြောက်နေပြီ ဒီကိစ္စက အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီး တော့ တခြားပုဒ်မတွေနဲ့ မဟုတ်ဘဲနဲ့ လူကုန်တား ပုဒ်မတွေနဲ့ အမှုဖွင့်ဖို့ အရေးကြီးတာပေါ့၊  နောက်ပြီးတော့ နိုင်ငံ ခြားကို ရောက်နေတဲ့ ကိစ္စတွေဖြစ်တယ်၊ ဒီကိစ္စက နိုင်ငံခြားကို ရောက်နေတဲ့အတွက် သံရုံးရှိတဲ့ နိုင်ငံတွေဆိုရင် ကျနော်တို့ အနေနဲ့ပေါ့နော်၊ သံတမန်ရေးအရပေါ့နော်၊ ဒီဟာကို အိတ်ဖွင့်ပေးစာ သံအမတ်ကြီးဆီကို ပေးတာတို့ ဘာတို့ ကျ‌နော်တို့ လုပ်လို့ရတာပေါ့နော်၊ ဒီဟာတွေကို အဓိက ကျနော်တို့ လုပ်သွားဖို့ ရှိတာပေါ့” ဟု ပြောသည်။

ကိုတင်ထူးအောင်ကိုတွေ့ရစဉ်

လူကုန်ကူးခံရသူ အမျိုးသမီး ၄ ဦးကို ဒူဘိုင်းရှိ အလှပြင်ဆိုင်တွင် အလုပ်လုပ်ရမည်ဟုဆိုကာ ခေါ်ယူခဲ့ကြောင်း၊  ဒူဘိုင်းသို့ ရောက်ရှိပြီး တစ်ပတ်ခန့်အကြာတွင် အလုပ်မရှိတော့ဟု ပြော၍ အီရတ်၊ ဆော်ဒီအာရေးဗီးယားသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

လူကုန်ကူးခံရသူ၏ မိခင်တစ်ဦးက “၂၁ ရက်လောက်မှာ သမီးဆီက လာတယ်၊ အမေ အီရတ်နိုင်ငံကို ရောက်သွား ပြီ အဲဒီလိုဆိုတော့ သမီးရယ်၊ ဒါဆိုရင် သမီးရောင်းစားခံရပြီထင်တယ်၊ အဲလိုဆိုတော့ အမေ တကယ်ဟုတ်တာတဲ့ ရောင်းစားခံလိုက်ရပြီတဲ့ အဲလိုပြောတာ၊ အဲဒီလို ပြောတဲ့အချိန်မှာ ကျမလည်း မတတ်နိုင်တော့ဘူး။ ဘယ်လို လုပ် ရမှန်း မသိဘူးဆိုတော့ သမီးက ဟိုအဖွဲ့လေးကို သတင်းပို့လိုက်၊ ဒီအဖွဲ့လေးကို သတင်းပို့လိုက် အဲဒီလို ကိုရတဲ့ ဟာလေးနဲ့ သတင်းပို့တဲ့အချိန်မှာ ဒီကနေပြီး လူကြီးတစ်ယောက်က ဖုန်းလေးနဲ့ ဒီလူကိုသွား၊ ဒီကိုသွား ဆိုပြီး အဲဒီ လိုသိတာ၊ သမီးကလည်း သူကို ပြောတဲ့အချိန်မှာ သူက ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ ပြောတာ၊ အဲဒီအချိန်မှာ အန်တီကလည်း ဒီဆရာတို့နဲ့ တွေ့တဲ့အချိန်မှာ၊ သမီးနဲ့ ပါလာတဲ့အချိန်မှာ ထမင်းလည်း မစာရးဘူး၊ နောက်ပြီး သူတို့အလုပ်ခိုင်းတဲ့အချိန်မှာ တိုက်ခန်းထဲမှာ သော့ခတ်၊ ငါးရက်နေမှာ တစ်ခါစား အဲဒီလို ထားတယ်တဲ့၊ အဲဒီ အချိန်မှာ သူနဲ့ ပါသွားတဲ့ ကောင်မလေးတွေကလည်း တစ်ခါတစ်လေကြရင် တစ်စုတစ်ရုန်းတည်း နေရတယ်တဲ့ တစ်ခါတလေကြရင် သူတို့ တစ်ခန်းတည်းမှာနေ၊ တစ်ခါတစ်လေကြရင် တစ်ယောက်တစ်အိမ်ပေါ့၊ အဲဒီလိုနေတဲ့ အချိန်မှာ သူများအိမ်မှာ လုပ်တဲ့ ၂၊ ၃ ရက်ဆို ထမင်းစားရတယ်၊ အဲဒီရုံးကို ပို့လို့ရှိရင် လက်ထိပ်တွေ ခတ်ထား တယ်၊ သူတို့ ဘာမှ စားရတာလည်း မရှိဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

 ရခိုင်ပြည်နယ် လမ်းဆုံတစ်နေရာကို တွေ့ရစဉ်

လက်ရှိတွင် ရခိုင်အမျိုးသမီးငယ် ၄ ဦးမှာ အီရတ်၊ ဆော်ဒီအာရေးဗီးယား နိုင်ငံများတွင် ရှိနေပြီး ပြန်လည် လွတ်မြောက်လာရေး လုပ်ဆောင်နေကြောင်း ဦးတင်ထူးအောင်က ပြောသည်။

၎င်းက “ကျနော်တို့ဆီကို လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး တိုင်းကြားခဲ့တဲ့ ကိစ္စတွေတော့ အများကြီးရှိတယ်ဗျ၊ မကြာ ခင်ကတော့ ကျနော်တို့ ဆောင်ရွက်ပေးလိုက်တာက အိုမန်ကပေါ့နော်၊ အိုမန်က ကိစ္စတစ်ခု ဒီက ဆရာ/ ဆရာမ တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ ဆောင်ရွက်ပေးလိုက်တာ၊ အိုမန်က လူကုန်ကူးခံရတဲ့ ကိစ္စတစ်ခု ဒီဟာတော့ ကျနော်တို့ အောင်မြင်စွာ ဆောင်ရွက်ပေးလိုက်နိုင်တယ်၊ ဒီကိစ္စတစ်ခုရှိတယ်၊ နောက်တိုင်ကြားထားတဲ့ ကိစ္စတွေ တော့ အခုဆိုရင်တော့ ၄ ယောက်ပေါ့၊ ၄ ယောက်ပေါ့၊ အားလုံးပေါင်း” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းဖြစ်ကာ အလုပ်အကိုင် ရှားပါးလာခြင်းကြောင့် အလုပ်အကိုင်နှင့် ငွေကြေးကို ဗန်းပြ၍ လူကုန်ကူးမှု ကျူးလွန်လာကြကြောင်း သိရသည်။