CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆

နိုင်ငံတော်ကို ၂၀၁၁ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေများနှင့် ယင်းအခြေအနေများထက် မနိမ့်သည့်အဆင့်ကို ဖော်ဆောင်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၆ ရက်) နံနက်ပိုင်းက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများနှင့်တွေ့ဆုံ စဉ် အထက်ပါအတိုင်း ၎င်းက ပြောသွားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းသည် မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲ အခြေအနေကို အညွန့်ချိုးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ သမိုင်းတွင်လည်း အဆိုပါ ရွေး ကောက်ပွဲ မဲမသမာမှုသည် အမည်းစက်တစ်ခုအဖြစ် ကျန်ခဲ့ပြီဖြစ်ကြောင်း၊ ထိုကဲ့သို့သော အခြေအနေမျိုး ထပ် မံ ဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ မိမိတို့အနေဖြင့် နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ကို မဖြစ်မနေ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံ တော်ကို ပုံမှန်အခြေအနေအတိုင်း ပြည်လည်ရောက်ရှိအောင် မိမိတို့အနေဖြင့် ဖော်ဆောင်ရမည်ဖြစ် ကြောင်း၊ ပုံမှန် အခြေအနေဟုဆိုရာတွင် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ ပုံမှန်အခြေအနေ၊ ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ ပုံမှန် အခြေအနေများနှင့် ယင်းအခြေအနေများထက် မနိမ့်သည့်အဆင့်နှင့် ဖြစ်နိုင်ပါက သာလွန်သည့် တိုင်းပြည်၏ အခြေအနေကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျင် နိုင်ငံတော်ကို အာမခံ ချက် ပေးနိုင်မည် ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအနေဖြင့် မလျှော့သော ဇွဲလုံ့လ ဖြင့် ရရှိသည့် ကာလအတွင်းကြိုးစား၍ တိုးမြှင့်ဆောင်ရွက်ကြ”ဟု ပြောသည်။

ထို့နောက် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းကို အလေးအနက်ထား လေ့လာကြစေလိုကြောင်း၊ နိုင်ငံ ရေးစနစ်အရ ပါတီစုံဒီမိုကရေစီစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးပုံစံစနစ်အရ ဒီမိုကရေစီအုပ်ချုပ် ရေးနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးကို ပေါင်းစပ်ထားသည့် အုပ်ချုပ်မှုပုံစံကို သွားရမည်ဖြစ်ကြောင်း၊ အလားတူ အမျိုးသားရေး ရည်မှန်းချက်များအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာဖူလုံရေးကို ချမှတ် အကောင်အထည်ဖော်နေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ်ကြေညာထားသည်။

ထို့နောက် တပ်မတော်ဖြုတ်ချရေး NLD အမတ်များ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသား၊ လူငယ်များက လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိရာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် နေအိမ်နှင့် အဆောက်အအုံ သောင်းနှင့်ချီ မီးရှို့ခံခဲ့ရသလို လူဦးရေ ၁ သန်းကျော် လည်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။