CNI News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုများကြောင့် စိုက်ပျိုး ထုတ် လုပ်နိုင်မှု စွမ်းအားများ ကျဆင်းလာနေခြင်းကို သတိပြုရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ (ဇွန်လ ၅ ရက်) တွင် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားကြောင်း သိရသည်။
နစကဥက္ကဋ္ဌက “ လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်ပြီး ရာသီဥတု၏ ဆိုးကျိုး သက် ရောက်မှု အထူးသဖြင့် မုတ်သုံရာသီ တိုတောင်းလာခြင်း၊ နှစ်စဉ်ပျမ်းမျှ အပူချိန်တိုးလာခြင်းနှင့် ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ စိုက်ပျိုးမြေများတွင် ဆားငန်ရေ ဝင်ရောက်ခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်နိုင်မှု စွမ်းအားများ ကျဆင်း လာခဲ့ကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက် အနေဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် မြေဆီလွှာ ပျက်သုဉ်းခြင်းများကြောင့် စိုက်ပျိုးမြေများ လက်လွှတ်ဆုံးရှုံးရခြင်းများသည် ဒေသခံများ၏ စားဝတ် နေရေး ဆိုးကျိုးသက်ရောက်မှုများ ရှိခဲ့ပြီး နိုင်ငံ၏ စီးပွားရေးကို များစွာ ထိခိုက်စေခဲ့သည်”ဟု ပြောသည်။
ထို့ကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ ရေကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေလိုအပ်ချက် နည်း သည့် သီးနှံများ၊ ရေကြီးနစ်မြှုပ်မှုဒဏ်ခံ သီးနှံနှင့် ရောဂါနှင့်ပိုးမွှားဒဏ်ခံ သီးနှံများ ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံနှင့် သီးနှံပုံစံများ ပြောင်းလဲ စိုက်ပျိုးခြင်း၊ ရေကိုချွေတာသုံးစွဲနိုင်သည့် ခေတ်မီ ရေသွင်းစနစ်များ အသုံးပြု စိုက်ပျိုးစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။
နစကဥက္ကဋ္ဌက “မွေးမြူရေးကဏ္ဍသည် စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိက ပံ့ပိုးပေးနေပြီး စားသုံးမှု ပုံစံကို ပြောင်းလဲ လုပ် ဆောင်ရာတွင် အသားစားသုံးမှု တိုးမြှင့်နိုင်ရေးအတွက် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိရစ္ဆာန်များကရသည့် ဇီဝ မြေသြဇာများသည် ကောင်းကျိုးများ ရရှိစေနိုင်ခြင်းကြောင့် မွေးမြူရေး လုပ်ငန်းများမှ ပတ်ဝန်းကျင်အပေး ဖြစ် လာနိုင်သည့် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝနှင့်ကိုက်ညီသည့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ကြရမည်”ဟု ပြောသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သည်မှာ မှန်ကန်သော်လည်း လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စိုက်ပျိုးရေး သွင်းအားစု စရိတ်များ မြင့်တက်နေခြင်း၊ စက်သုံးဆီဈေး မြင့်တက်နေခြင်း၊ နယ်စပ် ကုန်သွယ်ရေးဂိတ်များ ကုန်သွယ်နိုင်ရေး မလုပ်နိုင်ဘဲဖြစ်နေခြင်း တို့ကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲလာကြောင်း လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်သူများက ပြောသည်။
ထို့နောက် တပ်မတော်မှ အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေများ သိမ်းဆည်းထားခြင်းကြောင့် တောင်သူများ လယ် ယာစိုက်ပျိုးစရာ မြေများ ရှားပါးနေခြင်း၊ နိုင်ငံတော်အဆင့် စီမံကိန်းများကြောင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း ကြောင့် စိုက်ပျိုးမြေများ ရှားပါးနေခြင်း၊ စီးပွားရေး ကျဆင်းမှုများကြောင့် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်ကြခြင်းကြောင့် လယ်ယာလုပ်ကိုင်နိုင်သော လူငယ်များ နည်းပါးပြီး အသက်ကြီးရင့်သူများသာ ကျန်နေခြင်း စသည့် အခြေအနေများကြောင့် လည်း စိုက်ပျိုးရေး လုပ်ငန်းများ နည်းပါးလာနေကြောင်း နိုင်ငံရေးလေ့လာသူများက ပြောသည်။
လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုကနေ လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာနေခြင်းကြောင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရ သလို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲရှိနေ ကြောင်း၊ စိုက်ပျိုးပြီးသား လယ်ယာများ ရိတ်သိမ်းနိုင်ခြင်းပင် အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။