CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

အကြမ်းဖက် အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍ တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှု ကင်းရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ (မတ်လ ၂၉ ရက်) ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့၏ နိုင်ငံတော်တည်ဆောက်ရေး ရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများကို နှိမ်နင်းနိုင်မှသာ လွတ်လပ်၍ တရားမျှတပြီး ခြိမ်းခြောက်အကြပ်ကိုင်မှု ကင်းရှင်းသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်သည့် အတွက် အကြမ်းဖက်အဖွဲ့များ ပပျောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်”ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မဲထည့်နေစဉ်

အကြမ်းဖက် အဖွဲ့အစည်းများဆိုသည်မှာ မည်သည့် အဖွဲ့အစည်းများ ဖြစ်သည်ကိုတော့ နစကဥက္ကဋ္ဌက တိတိကျကျ တည့်သွင်း ပြောသွားခြင်းကိုတော့ မတွေ့ရပေ။

နစက-က ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပရန် ယာထားသော်လည်း တစ်နိုင်ငံလုံး၌ ကျင်းပနိုင်ရန်မှာ မဖြစ်နိုင် ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်များနှင့် မဲပေးရမည့် ပြည်သူများ၏ လုံခြုံရေးကို မည်သို့ အာမခံမလဲ မေးခွန်းထုတ်စရာရှိနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

၎င်းက “၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းကတောင် တစ်နိုင်ငံလုံးမကျင်းပနိုင်ဘူးလေ။ ရခိုင်ပြည်နယ်က မြောက် ပိုင်းဒေသ၊ ရှမ်းပြည်နယ်က ဒေသတချို့မှာ မကျင်းပနိုင်ခဲ့ဘူးလေ။ ဒါသာမန်ကာလနော် အခုစစ်တပ်ကို အားလုံးက ဆန့်ကျင်နေတဲ့အချိန်ဖြစ်တော့ ပိုတောင်ဆိုးတာပေါ့နော်။ ပြီးရင် ရွေးကောက်ပွဲကို ဝင်ပြိုင်သင့် မပြိုင်သင့် ကိုယ်စားလှယ် လုပ်တဲ့လူကလည်း လုံခြုံရေးကို ကြည့်ပြီးစဉ်းစားမှာပဲလေ။ မဲဆန္ဒရှင်ကလည်း မဲပေးရင် သူ့လုံခြုံရေးဘယ်လို ရှိမလဲပေါ့။ ဒါတွေကို ဘယ်လိုလုံခြုံရေး လုပ်ပေးမလဲ။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေက ရွေးကောက်ပွဲလုပ်တာကို ကန့်ကွက် တာ အာဖဂန်အစိုးရကလုပ်တော့ ဗုံးခွဲတာတွေ လုပ်ပြီး နှောင့်ယှက်တဲ့သာဓကတွေလည်း ရှိတယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆို ကာ ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာထားသည်။

ထို့နောက် တပ်မတော်ဆန့်ကျင်ရေး ဆန္ဒပြ ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သလို လက်နက်ကိုင် နည်းလမ်းဖြင့် တပ်မတော် ဖြုတ်ချ၍ ကြိုးပမ်းမှုများဖြင့် ရှိနေကြသည်။

အဆိုပါ လက်နက်ကိုင် နည်းလမ်းဖြင့် တပ်မတော်ဖြုတ်ချ၍ ကြိုးပမ်းမှုများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေပြီး ဥပဒေစိုးမိုးမှု အားနည်းလျက်ရှိနေသည်။