CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြည့်စီးနိုင်ရေးအတွက် မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ သဘာဝဓာတ်ငွေ့များ ထည့်သွင်း ရေး ရေအောက်ပိုက်လိုင်း ပြင်ဆင်မှု လုပ်ငန်း ပြီးစီးသွားပြီဖြစ်၍ ၃၃၀ မဂ္ဂါဝပ် ပြန်ဝင်နေပြီဖြစ်ကြောင်း နစက-က CNI သတင်းဌာနသို့ ပြောသည်။

နစက၏ လက်အောက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ် (၂)တွင်းမှ သဘာဝဓာတ်ငွေ့များအား လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းများကို မတ်လ ၁၂ ရက်မှ မတ်လ ၁၈ ရက်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင် နေချိန်အတွင်း လျှပ်စစ်မီး ဖြန့်ခွဲပေးဝေမှုကို အလှည့်ကျ ပေးမည်ဟု မတ်လ ၆ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

နစက-က “ပိုက်လိုင်းဆောင်ရွက်မှု ပြီးသွားပြီဖြစ်ပါသည်။ ၃၀၀ မဂ္ဂါဝပ် ပြန်ဝင်နေပါပြီ”ဟု ပြောသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံ ကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ များဖြင့် ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွှေကမ်းလွန်စီမံကိန်းမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင် ၁၃၀ သန်းကို အသုံးပြု၍ ဓာတ်အား ၆၆၈ မဂ္ဂါဝပ် ခန့်ကို ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

ရွှေကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေးအတွက် ပိုက်လိုင်းအသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အချို့နေရာများတွင် ၂၄ နာရီ ဝန်အား လျှော့ချ ခြင်းများ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်က ထုတ်ပြန်ခဲ့ သည်။

လက်ရှိတွင် လုပ်ငန်းဆောင်ရွက်မှု ယနေ့(မတ်လ ၁၈ ရက်)တွင် တစ်ပတ်ပြည့်၍ ပြီးစီးသွားပြီဖြစ်သလို ၃၃၀ မဂ္ဂါဝပ် ပြန်ဝင် နေပြီဟု နစက-က ပြောသည်။