CNI News
၂၀၂၅ ခုနှစ်၊ မေ ၂၁
ကချင်ပြည်နယ်တွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို မရပ်ဆိုင်းဘဲ အကောင်အထည် ဖော်ဖြစ်ခဲ့မည်ဆိုပါက မြန်မာတစ်နိုင်ငံလုံး၏ ဓာတ်အားလိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သည့် အနေအထားကို ရောက်သွားနိုင် သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်က နေပြည်တော်တွင် ဒုတိယနေ့အဖြစ် ဆက်လက် ပြုလုပ်သည့် နစက၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
လျှပ်စစ်ဓာတ်အားနှင့်ပက်သက်သည့် လိုအပ်ချက်က ရှိနေမှာဘဲ ဒါသည် သမ္မတကြီး ဦးသိန်းစိန်လက်ထက်က အခြေအနေအကြောင်းကြောင်းအရ မြစ်ဆုံနှင့်ပက်သက်ပြီး ရပ်တန့်ခဲ့သည်ဟု သေနကမဟာဗျုဟာအမူဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနကိုပြောသည်။
ယနေ့ ပြည်သူများ အကုန်လုံးလက်တွေ့ခံစားနေရသည့် အခြေအနေမျိုးတွင် လျှပ်စစ်မီးပြန်လည်ပြည့်မှီရေးအ တွက်နည်းလမ်းမျိုးစုံနှင့်စဥ်းစားရမည့်ထဲတွင် မြစ်ဆုံက ပြန်လည်စဥ်းစားသင့်သည့်ကိစ္စရပ်တခုဖြစ်သည်။
နစက အစည်းအဝေး ကျင်းပနေစဉ်
နစကဥက္ကဋ္ဌက “ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီး ဖြစ်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီရုံသာမက ကျော်လွန်သည့် အနေအထားသို့ပင် ရောက်ရှိနိုင်မည်”ဟု ပြောသည်။
မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ ရသည့် နေရာများကို ဖော်ထုတ်၍ ဆောင်ရွက်သွားရန်လို ကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင် ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင်လည်း Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့်ကြောင်း၊ ပြည့်ဖြိုးမြဲ စွမ်းအင် နှင့် ပတ်သက်၍ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ပြောသည်။
ရေအားလျှပ်စစ်ကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများသည် လုပ်သင့်ကြောင်း၊ လက်တွေ့မှာတော့ မည်မျှ အကောင်အထည်ဖော်နိုင်မလဲဆိုတာကိုတော့ လေ့လာစောင့်ကြည့်ရမည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာ ရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့က ဘယ်စီမံကိမ်းမဆို သူ့မှာတွက်ရချက်ရတယ်။ ကိုယ်ရင်းနှီးမြှုပ်နှံတာနဲ့ ကိုယ်ဘယ်လောက် ပြန်ရ မလဲ၊ အဲအပေါ်မှာ မူတည်ပြီး လှုပ်ရှားရမှာပေါ့။ စိုပါဆို့ ရေအားလျှပ်စစ်မှာ မြှုပ်နှံတာက မြှုပ်နှံသလောက် အကျိုးမြတ် အများကြီးပြန်ထွက်မယ်။ ဆိုလိုတာက လျှပ်စစ်ဓာတ်အား ပိုပြီးတော့မှရမယ် ဒီနေရောင်ခြည်က များများမြှုပ်နှံလို့ များများပြန်ထွက်မလား။ ဒါတွေပေါ်မူတည်ပြီး ကျနော်တို့ ပိုကောင်းတဲ့ဟာ လုပ်ရမှာပေါ့။ ကျနော်တို့နိုင်ငံလို အနေထားမျိုးဆိုရင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကြီးမားနေတဲ့အချိန်မှာ ရေဖိအားကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာမျိုးတွေ လုပ်သင့်တယ်ပေါ့။ ဒါကတော့ ကျနော်တို့ရဲ့မဖြစ်မနေ ထည့်သွင်းစဥ်း စားရမယ့် အချက်တွေပါပဲ။ တကယ်တမ်း ဘယ်လောက်ထိ အကောင်အထည် ဖော်နိုင်မလဲ အကျိုးအမြတ် ရနိုင် မယ်ဆိုတာ ခုနကပြောတဲ့ မြေပြင်ရဲ့ ကွင်းဆင်းမူနဲ့ လေ့လာဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
လျှပ်စစ်မီး ပြတ်တောက်နေစဉ်
မြစ်ဆုံစီမံကိန်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ၂၃ မိုင်ခန့်အကွာ မေခ၊ မလိခတို့ပေါင်းဆုံရာ မြစ်ဆုံ နေရာ မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀၀၀ နီးပါး ထုတ်လုပ်နိုင်မည့် စီမံကိန်းကြီး တစ်ခုသည်။
အဆိုပါ စီမံကိန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က တရုတ်နှင့်သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။
သို့သော်လည်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲကနေ တက်လာသည့် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆန္ဒပြ ကန့်ကွက်မှုများကြောင့် မြစ်ဆုံစီမံကိန်းကို ခဏရပ်ဆိုင်းခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက နေ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ ပြန်လည်စတင်ရန် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ယနေ့ အထိ လုပ်ငန်းပြန်လည် မစတင်နိုင်သေးပေ။
လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီး မလုံလောက်သည့်အတွက် တစ်ရက်လျှင် အနည်းဆုံး ၄ နာရီကြာ ပြတ်တောက်ခံနေရသလို တချို့သော ဒေသများတွင် တစ်ရက်လျှင် ၁၆ နာရီအထိ ပြတ်တောက်ခံရမှုများရှိနေ သည်။
ထိုသို့ လျှပ်စစ်မီးများ မလုံလောက်ရခြင်းကလည်း လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များ ဖျက်ဆီးခံရခြင်း၊ ရေအား လျှပ်စစ် စီမံကိန်းများ ရပ်ဆိုင်းနေခြင်း၊ တခြားသော နိုင်ငံများကနေ လျှပ်စစ်ဓာတ်အား ဝယ်ယူမှု လျှော့ချထား ခြင်းတို့ကြောင့် ဖြစ်သည်။