CNI News

၂၀၂၅ ခုနှစ်၊ မေလ ၂၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိသော ငလျင်၏ နောက်ဆက်တွဲအနေဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း ဝယ်ယူရခက်ခဲမှုအပြင် အခြားကိစ္စများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ လည်ပတ်မှု နည်းပါးနေကြောင်း လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ငလျင်ဘေးဒဏ်သင့် ဒေသများ၌သာ ပြုပြင်ရေးလုပ်ငန်း များပြားနေပြီး အခြားဘက်၌ တည်ဆောက် ရေးလုပ်ငန်း နည်းပါးနေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ နည်းပါးခြင်းမှာ ဆောက်လုပ်ရေးသုံးပစ္စည်း ရှားပါးခြင်းအပြင် ကုန်ကျစရိတ် မြင့်တက်သွားမှုတို့ကြောင့် လုပ်ငန်းရှင်နှင့် အိမ်ရှင်တို့အတွက် အခက်အခဲ ဖြစ်လာကြကြောင်း ၎င်းက ပြောသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ကိုတွေ့ရစဉ်

ဦးမျိုးမြင့်က “ဆောက်လုပ်ရေးလုပ်ငန်း နည်းပါးတယ်ဆိုတာက အဓိကပြဿနာက ပစ္စည်းရှားပါးတာ။ ငလျင် ဖြစ်ပြီး နောက်ပိုင်း ပထမဆုံးအခက်အခဲက ဘိလပ်မြေ အခက်အခဲပဲ။ နောက်တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်း လုပ်မယ်ဆိုရင် ရက်ချ်စတာစကေး ၈ ဖြစ်ရမယ့် အတွက်အချက်တွေက ဖြစ်လာတဲ့အခါကြတော့ မူလ ကုန်ကျစရိတ်ထက် ကုန်ကျစရိတ် များသွားတာပေါ့။ များတဲ့အခါ တချို့ဆောက်မယ့် အိမ်ရှင်တွေအတွက်လည်း အခက်အခဲဖြစ်လာသလို အပေးအယူနဲ့ ဆောက်မယ့် အိမ်ရှင်တွေ အတွက်ကြတော့လည်း ဥပမာ ကန်ထရိုက်က ရင်းနှီးမြှုပ်နှံမှု များလာရင် သူပြန်ပေးရမယ့် အပိုင်းမှာကြတော့ အများကြီး မပေးနိုင်တော့ဘူး။ အဲဒီလို အခြေအနေ တွေကလည်း ပါလာတယ်။ နောက်တစ်ခုကလည်း နိုင်ငံတော်ကလည်း အခုအချိန်မှာ ရက်ချ်စတာစကေး ၈ လို့ သတ်မှတ်လိုက်တဲ့ အခါကြတော့ သူတို့လက်ရှိ တင်ဒါတွေလည်း ခေါ်မယ့်ဟာ မခေါ်ဘဲ ရပ်သွားတာတွေ ရှိတယ်။ လက်ရှိ ငလျင်ဒဏ်ဖြစ်နေတဲ့ ဟာတွေကိုလည်း ပြုပြင်တဲ့လုပ်ငန်းတွေ များနေတဲ့အတွက် ဒီဘက် တည်ဆောက် ရေးပိုင်းတွေမှာ ခုနကပြောတဲ့ အကြောင်းတရားတွေကြောင့် နည်းသွားတာဖြစ်ပါတယ်” ဟု ပြောသည်။ 

လက်ရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်၌ အဓိက လိုအပ်သည့် ဘိလပ်မြေမှာ ဝယ်လိုအား များမှုကြောင့် ဝယ်မရဖြစ်နေသည့်အပြင် အခြားဆောက်လုပ်‌ရေးသုံး ပစ္စည်းများမှာလည်း ရှားပါးနေကြောင်း သိရသည်။

ထို့နောက် ဘိလပ်မြေ တစ်အိတ်လျှင် ၁၇,၀၀၀ ကျပ်ဖြင့် ငလျင်ဘေးသင့် အဆောက်အအုံများသို့ ရောင်းချပေးရန် သက်ဆိုင်ရာ စက်ရုံများသို့ ဈေးနှုန်း သတ်မှတ်ပေးထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြော ထားသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ကိုတွေ့ရစဉ်

သို့သော် မြေပြင်တွင် ငွေကျပ် ၄၀,၀၀၀ အထိ ပေါက်ဈေးများ ရှိနေသည့်အပြင် ဝယ်ယူသည့် အခါတွင်လည်း ဘောက်ချာများ မရကြကြောင်း သိရသည်။

ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် ဘိလပ်မြေ လိုအပ်ချက်ကို ပြည်တွင်းမှ ထုတ်လုပ်နိုင်သည့် အရေအတွက် နှုန်းထားပေါ် မူတည်ကာ ပြည်ပမှ တင်သွင်းနိုင်ရေးကို လုပ်ဆောင်ပေးသင့် ကြောင်းလည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ငလျင်လှုပ်ခတ်ပြီးနောက် အထပ်မြင့် အဆောက်အဦတွေကို စိတ်ဝင်စားမှု နည်းသွားကြသဖြင့် တည်ဆောက်ရေး လုပ်ငန်းကြီးများ မလုပ်သလောက်ဖြစ်နေကာ အသေးအမွှား ဆောက်လုပ်ရေးတို့သာ များနေကြောင်းလည်း ရွှေကမ္ဘာမောင်မောင် ဆောက်လုပ်ရေးလုပ်ငန်းမှ ဥက္ကဋ္ဌ ဦးမောင်မောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နည်းပါတယ်။ ‌တော်တော်လေးနည်းပါတယ်။ သေးသေးမွှားမွှားတွေများတယ်။ အကြီးကြီးတွေကတော့ အခုချိန်မှာ တည်ဆောက်ရေးတွေက မလုပ်သလောက်ပဲ။ အခုနောက်တစ်ခု ဘာပြဿနာ တိုးသွားသလဲဆိုရင် ငလျင်ဖြစ်လိုက်တော့ အထပ်မြင့်တွေကို လူတွေက စိတ်ဝင်စားမှု နည်းသွားတယ်။ အဲဒါလေးတွေလည်းရှိတယ်။ အဲဒီတော့ တည်ဆောက်ရေး လုပ်ငန်းတွေကတော့ တော်တော်နည်းပါတယ်။ အရင်နဲ့ယှဉ်လိုက်ရင် ဘာမှမရှိပါဘူး ရာခိုင်နှုန်းက တော်တော်ကို နည်းသွားပြီ။ မရှိသလောက်ပဲ အထပ်မြင့်တွေ ဆောက်တဲ့သူက ကျနော်တို့ သိပ်တော့ မမြင်ဘူး တချို့လုပ်ငန်းတွေတောင်မှ ရပ်တန့်တယ်။ အရောင်းအဝယ် မကောင်းလို့ ခဏစောင့်ကြည့်တဲ့ သဘော လေးတွေတော့ ပြောကြတယ်။ မဆောက်ကြဘူး ဆောက်လုပ်ရေးဘက်က အားနည်းသွားပြီ။ နောက်တစ်ခု ပြဿနာက လုပ်သားတွေက တအားနည်းသွားပြီ။ မတန်မဆတွေ အခွင့်အရေးကို ယူကြတယ်။ ပန်းရံတို့၊ သံချည် သံကွေးတို့၊ လက်သမားတို့ အစစအရာရာ အားလုံးပါပဲ အောက်ခြေ။ ဘယ်လောက်ရမှ လုပ်မယ်၊ မရရင်မလုပ်ဘူး” ဟု ပြောသည်။

အဆောက်အဦများ ဆောက်လုပ်ရာတွင် အနည်းဆုံး ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများ ဆောက်လုပ်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်က ငလျင်ဘေး သင့် အင်းလေးဒေသသို့ သွားရောက်စစ်ဆေး၍ ပြည်သူများဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့ပြင် မေလ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ နေပြည်တော်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ရာ၌ လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အစိုးရဌာနဆိုင်ရာမှ ရောင်းချပေးခဲ့သည်။