CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇

MNDAA-TNLA-AA တို့အနေဖြင့် ငြိမ်းချမ်းရေးလိုလားမှသာလျှင် ဆွေးနွေးမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဂါဒင်းဟိုတယ်မှာ တရုတ်ဝန်ကြီးချုပ် လီချန် နှင့်တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါက မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန်အသင့်ရှိပါကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်သမားများ အနေဖြင့် ဖြစ်လိုသည်ကို ရှေ့တန်းတင် မည့်အစား ဖြစ်သင့်သည်ကို လုပ်ဆောင်ကြရန်လိုကြောင်း၊ MNDAA -TNLA-AA အနေဖြင့် ငြိမ်းချမ်းရေးကို လိုလား ကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသလာမှသာ လျင် မိမိတို့အနေဖြင့် ဆွေးနွေးမှုကို ဆောင်ရွက် နိုင်မည်”ဟု ပြောသည်။

တရုတ်တိုက်တွန်း၍သာ ပြောရခြင်းဖြစ်ပြီး ဆွေးနွေးမှုများ ဖြစ်ပေါ်လာနိုင်ရန် မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာ အရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

၎င်းက “ဖြစ်နိုင်ဖို့ သိပ်မမြင်ပါဘူး၊ သူကဟိုဖက်က တိုက်တွန်းလို့၊ တရုတ်က တိုက်တွန်းလို့ သူကပြောရတာ။ သူလိုချင်တဲ့ အချက်က အရင်သိမ်းထားတဲ့ နယ်မြေတွေအကုန် ပြန်ပေးဖို့ပေါ့နော်၊ လားရှိုးတို့၊ လောက်ကိုင်တို့ အဲတာတွေအကုန် ပြန်ပေးဖို့၊ ကိုယ့်နေရာ ကိုယ်နေကြဖို့ အဲဒါမျိုးတွေပေါ့။ သူမသွားခင်ထဲက ကြေညာထားတာ ရှိတယ်လေ၊ နိုင်ငံရေး ဆွေးနွေးပွဲကို လက်နက်စွန့်ပြီး လာကြပါလို့ ပြောထားတာဖြစ်တာကိုး။ အဲတော့သူက ငြိမ်းချမ်း‌ရေး လိုချင်တယ်ဆိုတဲ့သဘောကို သူက ဘယ်လိုအဓိပ္ပါယ် ဖွင့်လဲဆိုတာ ယတိပြတ် မပြောဘူးလေ။ အဲခါကျတော့ ဒါမျိုးတွေ ဖြစ်ဖို့များတာပေါ့၊ အဲတော့ ဖြစ်လာစရာ အကြောင်းမရှိဘူးပေါ့ဗျာ၊ ဟိုဘက်က နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ပြောတဲ့အတွက်ကြောင့် အသင့်အတင့် လိုက်ပြောတာဖြစ်မှာပေါ့။ သူက ဝန်ကြီးချုပ် လီချန်နဲ့ တင် တွေ့ရုံမကဘူးဗျ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ရော၊ လာအို ဝန်ကြီးချုပ်တွေနဲ့ရော တွေ့တယ်” ဟု ပြော သည်။

မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ အပစ်အခတ်ရပ်စဲရေးကို တစ်ဖတ်သတ် ကြေညာ ခဲ့ပြီး ငြိမ်းချမ်းရေးအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များက တိုက်ခိုက်မှသာ တပ်မတော်မှ တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် လီချန်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

MNDAA-TNLA-AA တို့သည် မြန်မာအစိုးရ၏ ၂၀၂၂ ခုနှစ်၊ ဧပြီလက ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA အနေဖြင့် ၎င်းတို့၏ အထူးဒေသ(၁) ပြန်လည် အသက်သွင်းနိုင်ရေး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နယ်စပ် ဒေသတွင်ရှိသည့် တပ်မတော်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် အင်အား သုံးစတင် တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့သော် လည်း ၎င်းတို့အနေဖြင့် သဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက်တိုက်ပွဲဖော်ဆောင်ခဲ့ ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

AA-MNDAA-TNLA ခေါင်းဆောင်များကိုတွေ့ရစဉ်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရာတွင် နှစ်ဖက် အဖွဲ့အစည်းများအနေဖြင့် ကြိုတင် စည်းကမ်းချက်များ ထားရှိလျှင် အဆင်မပြေနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စည်းကမ်းတော့ နှစ်ဖက်စလုံး ပြောနေကြတာပဲ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သူ့စည်းကမ်း ဘယ်နှစ်ချက် ၅ ချက်ပြည့်မှ၊ ဟိုဖက်က ဆွေးနွေးမဲ့ဘက်က လူတွေကလည်း ဘာစည်းကမ်းပြည့်မှ အဲဒီ Preconditions(ကြိုတင်သတ်မှတ်ချက်)တွေပါရင် အလုပ်မဖြစ်ဘူး။ ကြိုတင်စည်းကမ်းချက်တွေပါရင် အဲဒါ ညှိနေတာနဲ့ပဲ စကားပြောတဲ့ အဆင့်ကို မရောက်ဘူး။ အဲဒီ ကြိုတင်စည်းကမ်းချက်တွေဆိုတာက တကယ်တော့ ကြားလူကနေရမှာ၊ ဒီစကားပြောမဲ့ ၂ ဖွဲ့က အဲဒီစည်းကမ်းချက် ညှိနေတာနဲ့ ဆိုလိုရင်းရောက်မှာ မဟုတ်ဘူး။ ဒါကြောင့် ကြားလူက ညှိပေးနိုင်တဲ့ အဆင့်ရှိရင်တော့ ကြားအဖွဲ့အစည်းတစ်ခုတော့ ဖော်ပေးရမှာ အဲဒါတစ်ချက်၊ နောက်တစ်ချက်ကတော့ အာမခံချက်ရှိရမယ်။ နေပြည်တော်မှာ သွားဆွေးနွေးရင်တော့ သူများသွားမှာမဟုတ်ဘူး။ ဒါကြောင့် ထိုင်းမှာဆွေးနွေးဖို့ ဒီဇင်ဘာမှာ ထိုင်းမှာဆွေးနွေးဖို့ ဖြစ်လာမလား၊ တရုတ်ကလည်း ပံ့ပိုးမယ်ဆို ထိုင်းကလည်း မီးစိမ်းပြမယ်ဆိုရင် ထိုင်းမှာ‌တော့ ပဏာမ ပွဲဖြစ်နိုင်တာပေါ့ဗျာ”ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်

MNDAA၊ AA၊ TNLA တို့သည် NUG လက်အောက်ခံ PDF များအပါအဝင် BPLA၊ BNRA၊ PLA၊ KNDF တို့နှင့်ပူးပေါင်း ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင်ခဲ့ပြီး ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ တို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဖော်ဆောင်၍ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မတ္တရာ၊ စဉ့်ကိုင်၊ သပိတ်ကျင်း တို့ကို တိုက်ခိုက် သိမ်းပိုက်ရန် ထိုးစစ်ဆင်ခဲ့သည်။

ထို့နောက် ပြင်ဦးလွင်နှင့် မန္တလေးမြို့များကို ထိုးစစ်ဆင် တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာ တရုတ်အစိုးရက ဖိအားပေးလာသဖြင့် ယနေ့အချိန်ထိ တိုက်ခိုက်မှုများ မပြုလုပ်နိုင်သေးဘဲ ဖြစ်နေသည်။

တရုတ်ဝန်ကြီးချုပ် လီချန်ကလည်း တရုတ်နိုင်ငံအတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် လုပ်ဆောင်မှုများကို လက်ခံမည်မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။