CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုမှတဆင့် ငြိမ်းချမ်းရေး ရရှိရေးအတွက် မျှော်လင့်ကြောင်း ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးအတွက် သက်ရောက်မှုရှိမှာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမက တစ်တိုင်းပြည်လုံးကလည်း ငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

မန်းအောင်ပြည်စိုးက “ကျနော်တို့ကတော့ အကောင်းမြင်တယ်ဗျာ၊ ဖြစ်စေချင်တယ်၊ ဒီငြိမ်းချမ်းရေးကတော့ တစ်စုံတစ်ခုသော အတိုင်းအတာအထိကတော့ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ မျှော်လင့်တယ်လေ၊ ငြိမ်းချမ်းရေးရရှိဖို့ ကျနော်တို့ မျှော်လင့်တယ်၊ သူတို့နှစ်ယောက် တွေ့ဆုံတာကနေတဆင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ငြိမ်းချမ်းရေးတွေ ရရှိဖို့အတွက်က ကျနော်တို့ကြီးပဲ မကဘူးလေ၊ တစ်ပြည်လုံးကလည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ အဲဒီလောက်ပဲ ပြောနိုင်မှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စောမူတူးစေးဖိုး တွေ့ဆုံစဉ် 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ KNU တပ်မဟာ ၆ ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့သည့် စက်တင်ဘာ ၃၀ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် ဒေသတွင်း တည်ငြိမ်အေးချမ်မှု ရရှိရေးအပြင် တပ်မတော် အနေဖြင့်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အမြဲတံခါးဖွင့် ကြိုဆိုလျက် ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

နစကနှင့် KNU ဥက္ကဋ္ဌဟောင်းတို့ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး၊ တော်လှန်ရေးအပေါ် သက်ရောက်မှုရှိမှာ မဟုတ် ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ စောလေးကပေါက CNI သတင်းဌာနသို့ ပြောသည်။

 ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စောမူတူးစေးဖိုး တွေ့ဆုံစဉ် 

၎င်းက “သူတို့က KNU ရဲ့ တရားဝင်ခွင့်ပြုတဲ့ တရားဝင်စေလွှတ်တဲ့ ကိုယ်စားလှယ်တွေလည်း မဟုတ်တော့ ကျနော်တို့က ပြောရခက်တယ်၊ ပြောရခက်တယ်ဆိုတာ အကျိုးသက်ရောက်မှုက အများကြီးရှိမှာ မဟုတ်ဘူး။ ဒါကတော့ စကစကတော့ သူတို့ရဲ့ နိုင်ငံတကာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို မျက်နှာပြရင်လည်း သူတို့ ငြိမ်းချမ်းရေးအတွက် KNU နဲ့ စကားပြောနေတယ်လို့ ကြားချင်လို့ပဲ ကျနော်ယူဆတယ်၊ နည်းလမ်းကို သုံးတယ် လို့ပဲ ကျနော်တို့ မြင်တယ်၊ အမှန်တကယ်တော့ အခုသူတို့ လက်ရှိသွားတဲ့လူတွေ တစ်ယောက်မှ KNU ရဲ့ အဖွဲ့ဝင် ဟောင်းတွေ ဖြစ်ပြီးတော့မှ တကယ့်လက်ရှိမှာ Active ဖြစ်နေတဲ့လူတွေ မဟုတ်တာကြောင့်မို့လို့ ငြိမ်းချမ်းရေး‌ တော်လှန်ရေးအပေါ်မှာကတော့ အများကြီး အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ တွေကလည်း အဲဒီကိစ္စအပေါ်မှာ ထောက်ခံခြင်း အလျင်းမှ မရှိတာ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲများကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း KNU နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သလို နိုင်ငံတစ်ဝှမ်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိနေသည်။

အဆိုပါ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပဋိပက္ခဖြစ်ပွားခဲ့သော ၂ နှစ်ကျော် ကာလအတွင်း နေအိမ်၊ အဆောက်အအုံ ၈၆၀၀၀ ကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း ISP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။