CNI International News

နယူးဒေလီ၊ အောက်တိုဘာ ၂ 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် စစ်သွေးကြွအဖွဲ့များ ရှိနေသည်ဟု အိန္ဒိယစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က ပြောကြားခဲ့ကြောင်း North East News မှ ဖော်ပြခဲ့သည်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် စစ်သွေးကြွအဖွဲ့တွေဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့ စစ်ပွဲဆင်နွှဲဖို့နဲ့ လူမျိုးစု ပဋိပက္ခတွေဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ အိန္ဒိယမှာရှိတဲ့ စစ်သွေးကြွ ခေါင်းဆောင်တွေနဲ့ ပူးပေါင်း ကြံစည်ခဲ့ပါတယ်" ဟု NIA က ထုတ်ပြန်ခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် ထိုစစ်သွေးကြွ အဖွဲ့များသည် အိန္ဒိယစစ်သွေးကြွ အဖွဲ့များကို လက်နက် ခဲယမ်းများနှင့် အခြား အကြမ်းဖက်မှု လုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခဲ့သည်ဟု NIA က ပြောသည်။

ထိုလက်နက်များသည် နယ်စပ်ဒေသများမှ တစ်ဆင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး မဏိပူရပြည်နယ်တွင် လက်ရှိ ဖြစ်ပွားနေသည့် လူမျိုးစု ပဋိပက္ခများ၌ အသုံးပြုခဲ့ကြောင်း NIA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်အတွင်း အကြမ်းဖက်မှုကိုတွေ့ရစဉ်

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ စစ်သွေးကြွ ခေါင်းဆောင်များသည် နိုင်ငံအရှေ့မြောက်ပိုင်းရှိ စစ်သွေးကြွများနှင့် ပူးပေါင်းပြီး မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသည့် လူမျိုးစုပဋိပက္ခကို အမြတ်ထုတ် နေသည်ဟုလည်း NIA က ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် စစ်သွေးကြွ ခေါင်းဆောင်များသည် မဏိပူရ စစ်သွေးကြွအဖွဲ့များနှင့် ပူးပေါင်း ပြီး အိန္ဒိယအစိုးရကို စစ်ပွဲဆင်နွှဲရန် ပူးပေါင်းကြံစည် နေသည်ဟုလည်း ဖမ်းဆီးရမိသည့် သံသယရှိသူ တစ်ဦးထံမှ သိရသည်ဟု NIA က ထုတ်ပြန်ခဲ့သည်။

NIA သည် မဏိပူရ ပြည်နယ်ရဲတပ်ဖွဲ့နှင့်အတူ ပြုလုပ်သည့် စစ်ဆင်ရေးတစ်ခုတွင် စီမင်လန် ဂန်တီ (Seminlun Gangte) အမည်ရှိ သံသယရှိသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ထိုသံသယရှိသူကို နယူးဒေလီမြို့တော်သို့ ပို့ဆောင်ခဲ့သည်။ 

အစောပိုင်းက NIA ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ တားမြစ်ပိတ်ပင် ခံထားရသည့် အဖွဲ့များသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် မဏိပူရပြည်နယ်ရှိ လူမျိုးစုအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ ပြုလုပ်ရန် အလုပ်သမားများကို တပ်သားသစ်အဖြစ် စုဆောင်းနေသည်ဟု ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်တွင် တရားမဝင် အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (People's Liberation Army- PLA) က လေ့ကျင့် သင်ကြားပေးခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် NIA ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

PLA အရာရှိတစ်ဦးကိုဖမ်းမိစဉ်

အသက် ၄၅ နှစ်အရွယ် မိုရန်သမ် အာနန် ဆင်း (Moirangthem Anand Singh) အမည်ရှိ အမျိုးသားသည် စက်တင်ဘာ ၁၆ ရက်က မဏိပူရရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သူ ၅ ဦးထဲတွင် ပါဝင်ခဲ့ပြီး ခေတ်မီဆန်းပြားသည့် လက်နက်များ ကိုင်ဆောင်မှုနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်မှုတို့ဖြင့် စွပ်စွဲခံထားရသည်။

ထိုဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ဒေသန္တရ တရားရုံးက အာမခံဖြင့်် ပြန်လည် လွှတ်ပေးခဲ့သော်လည်း NIA က အာနန် ဆင်းကို ပြန်လည် ဖမ်းဆီးခဲ့ပြီး ဒေလီ (Delhi) သို့ ပို့ဆောင်ခဲ့သည်။

မဏိပူရတွင် လက်ရှိဖြစ်ပွားနေသည့်် မငြိမ်မသက်မှုများကို အသုံးချပြီး လူမျိုးစုအဖွဲ့များကို ဆန့်ကျင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်ရန် အင်အားစုစည်းမှုအတွက် အကြမ်းဖက် အဖွဲ့များသည် မြေပြင်လုပ်သားများ၊ ကေဒါများနှင့် ထောက်ခံ အားပေးသူများကို စုစည်းနေပြီး မြန်မာရှိ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် နေသည့် အချက်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု NIA က ထုတ်ပြန်ခဲ့သည်။ 

မေလ ၃ ရက်ကစပြီး မဏိပူရပြည်နယ်တွင် လူမျိုးစုပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၁၇၅ ဦးခန့် သေဆုံး ခဲ့ကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

Source: North East News