CNI International News

အင်ဖာ၊ စက်တင်ဘာ ၂၆

မဏိပူရပြည်နယ်အတွင်းရှိ ကီလိုမီတာ ၇၀ အရှည်ရှိသည့် အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုး တည်ဆောက်ရေး နှင့်ပတ်သက်ပြီး မဏိပူရ၌ ဆွေးနွေးညှိနှိုင်းမှုများ စတင်ပြုလုပ်နေသည်ဟု North East Now မှ ဖော်ပြခဲ့သည်။

၇၀ ကီလိုမီတာ အရှည်ရှိသည့် အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ခြံစည်းရိုးတစ်ခု တည်ဆောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန် ဆင်း (N Biren Singh) က ပြောသည်။

နယ်စပ်လမ်းမများအဖွဲ့ (BRO)မှ အရာရှိများနှင့် ပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက် မည့် အစီအစဉ်ကို စဉ်းစားချင့်ချိန်နေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

 မြန်မာ(တမူး)-အိန္ဒိယ(မိုရေး) နယ်စပ် ခြံစည်းရိုးကိုတွေ့ရစဉ်

"အိမ်နီးချင်း မြန်မာနယ်စပ်ကနေ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်မှုတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေ မြင့်တက်လာတာကြောင့် ကျနော်တို့ရဲ့ နယ်စပ်တွေကို ကာကွယ်ဖို့ဟာ အရေးတကြီး လိုအပ်လာပါတယ်" ဟု ဆင်းက ပြောကြားခဲ့သည်။

အစောပိုင်းက ဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနယ်စပ်၏ ကီလိုမီတာ ၆၀ အရှည်ကို ခြံစည်းရိုး တည်ဆောက်ရန် BRO ကို အလုပ်နှင့်စပ်လျဉ်းသည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။

"မြန်မာနိုင်ငံက တရားမဝင် စုပြုံဝင်ရောက် လာတာတွေကို ရပ်တန့်ဖို့က ကျနော်တို့ရဲ့ ဦးစားပေးကိစ္စပါ။ အဲဒါ ကြောင့် နယ်စပ်မှာ ခြံစည်းရိုး တည်ဆောက်ဖို့ ချက်ချင်း လိုအပ်ပါတယ်" ဟု ၎င်းက ပြောသည်။

 ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာသွားလာနိုင်သော မြန်မာ(တမူး)-အိန္ဒိယ(မိုရေး) နယ်စပ်ထွက်ပေါက်ကို တွေ့ရစဉ်

အိန္ဒိယနှင့် မြန်မာအကြား လွတ်လပ်စွာ သွားလာလှုပ်ရှားမှု အစီအစဉ် (Free Movement Regime - FMR) ကို ရာသက်ပန် ရပ်တန့်ရန် မဏိပူရပြည်နယ်အစိုးရက ဗဟိုအစိုးရအား တိုက်တွန်းခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်က အိန္ဒိယနှင့် မြန်မာအကြား လက်မှတ်ရေးထိုးခဲ့သည့်် FMR သဘောတူညီချက်အရ နှစ်နိုင်ငံ နယ်စပ် ဒေသတွင် နေထိုင်သူများသည် တစ်ဖက်နှင့်တစ်ဖက် ၁၆ ကီလိုမီတာ အကွာအဝေးအထိ ဝင်ရောက်ပြီး သွားလာ လှုပ်ရှားခွင့် ရရှိထားသည်။

ထိုသဘောတူညီချက်သည် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်ရာတွင် မဏိပူရပြည်နယ် အစိုးရအတွက် ကြီးမားသည့် အဟန့်အတား ဖြစ်ခဲ့သည်ဟု ဝန်ကြီးချုပ် ဆင်းက ပြောကြားခဲ့သည်။

"အဲဒီသဘောတူညီချက်ကြောင့် မြန်မာနိုင်ငံက တရားမဝင် ဝင်ရောက်မှုတွေကို ကျနော်တို့ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ ပါဘူး။ အဲဒါကြောင့် အဲဒီ သဘောတူညီချက်ကို ရာသက်ပန် ရပ်တန့်ဖို့ မဏိပူရပြည်နယ်အစိုးရက ပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်တွန်းခဲ့ပါတယ်" ဟု ဆင်းက ပြောကြားခဲ့သည်။

Source: North East Now