CNI International News

ဘေဂျင်း၊ ဧပြီ ၂

ပြီးခဲ့သည့်နှစ်က အာဏာသိမ်းခဲ့သော နစကကို ပြတ်သားစွာ ထောက်ခံခြင်း နောက်ဆုံးပြသမှုအနေဖြင့် အိမ်နီးချင်း မြန်မာ နိုင်ငံအပေါ် မည်သို့ အခြေအနေများ ပြောင်းလဲသည့်တိုင် ကျောထောက်နောက်ခံ ပြုသွားမည်ဖြစ်ကြောင်း တရုတ်က ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်သည် မြန်မာနိုင်ငံကို ၎င်း၏အိမ်နီးချင်း သံတမန်ဆက်ဆံရေး အနေဖြင့် အရေးပါသော အနေအထား၌ အမြဲထားရှိခဲ့ ကြောင်း၊ ထဲထဲဝင်ဝင် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု အမြဲလိုလားပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကို ကိုးကားလျက် အေပီက ဆက်လက် ရေးသားသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် အရှိန်မြှင့် လုပ်ဆောင်ရန်၊ အဓိက စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ရန်နှင့် Covid-19 ကူးစက်ရောဂါ တိုက်ဖျက်ရေး၌ ညီညွတ်စွာ လက်တွဲလုပ်ဆောင်ရန်တို့ကို ဝမ်ယီက ဆက်လက် ပြောကြားခဲ့သည်။

ဝမ်ယီက “အခြေအနေတွေ ဘယ်လိုပြောင်းပြောင်း အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုတို့ ကာကွယ်ဖို့၊ နိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း ရှာဖွေရာမှာ မြန်မာနိုင်ငံကို တရုတ်က ပံ့ပိုးကူညီသွားမှာ ဖြစ်ပါ တယ်”ဟု ထပ်လောင်း ပြောကြားခဲ့သည်။

ဦးဝဏ္ဏမောင်လွင်နဲ့ ဝမ်ယီ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်က တွေ့ဆုံစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာ့တပ်မတော်သည် ယခုအချိန်တွင် ပြည်တွင်းစစ်ဟု ကုလသမဂ္ဂကျွမ်းကျင်သူအချို့ သတ်မှတ်ထားသည့် ပမာဏအတိုင်း ခုခံတွန်းလှန်မှုများကို ရင်ဆိုင်နေရဆဲဖြစ်သလို သည်ဟိဂ်မြို့ (The Hague)ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်များကိုလည်း ရင်ဆိုင်နေရသည်။

တရုတ်၏ သံတမန်ရေးရာ ပံ့ပိုးမှုနှင့် တခြားအကူအညီများကို တုံ့ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံသည် အာဆီယံထဲတွင် ဘေဂျင်းအပေါ် သစ္စာစောင့်သိသော မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း တပ်မတော်က အာဏာရယူလိုက်ခြင်းနှင့် ဆန့်ကျင်သူများကို ကြမ်းတမ်းစွာ ဖြိုခွင်းမှုတို့ကြောင့် အာဆီယံအစည်းအဝေးများတွင် တပ်မတော်ခေါင်းဆောင်ကို ပါဝင်ခွင့် မပြုတော့ပေ။

တရုတ်သည် ၎င်း၏ အကျိုးစီးပွားကို ဦးစားပေးသည့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း (သို့မဟုတ်) တခြား ပြည်တွင်းရေး အငြင်းပွားမှုများကို အနည်းငယ်မျှ (သို့မဟုတ်) လုံးဝ ထည့်သွင်း စဉ်းစားခြင်း မရှိပေ။

ယူကရိန်းသို့ ကျူးကျော်ခြင်းနှင့်ပတ်သက်၍ ရုရှားကို ဝေဖန်ရန် တရုတ်က ငြင်းဆိုခဲ့ပြီး အဆိုပါ စစ်ရေးပဋိပက္ခကို လှုံ့ဆော် ပေးနေသည့် အနောက်အုပ်စုနိုင်ငံများကို အပြစ်တင်ခဲ့သည်။

Source: AP