CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂

လက်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုထားသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံမည် မဟုတ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၏ ပညာရေးဝန်ကြီးဌာန၊ ရတနာပုံတက္ကသိုလ်ကောင်စီက ယနေ့ (ဧပြီ ၂ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသူများ၊ အကျဉ်းကျနေသူများ၊ CDM ဝန်ထမ်းများနှင့် မြေပေါ်မြေအောက် တော်လှန်နေ ကြသူများကို ငဲ့ကွက်၍ နစကမှ ဖွင့်လှစ်သည့် ကျောင်းသင်တန်းများနှင့် စာမေးပွဲများကို သပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများက နှိုးဆော်ထားကြောင်း သိရသည်။

NUG လက်အောက်ခံ ရတနာပုံတက္ကသိုလ်ကောင်စီက “ယခုအခါတွင် တစ်နိုင်ငံလုံး၏ တော်လှန်ရေးဖြစ်ရပ်များကို မျက်ကွယ် ပြု၍ မိမိ၏ အကျိုးစီးပွားအတွက် နစက ဖွင့်လှစ်သော အတန်းများအား တက်ရောက်ခြင်း၊ နစက လက်အောက်ခံ တက္ကသိုလ် ဝင် စာမေးပွဲများကို ဖြေဆိုခြင်းများကို ပြုလုပ်နေသူများအား တွေ့ရှိရပါသည်။ ထိုသို့ တော်လှန်ရေးကို မျက်ကွယ်ပြုကာ စစ် အုပ်စု ထောက်တိုင်များအဖြစ် ပါဝင်ကြသူ မည်သူကိုမဆို ရတနာပုံတက္ကသိုလ်က ပြင်းထန်စွာ ရှုံ့ချသည်” ဟု ထုတ်ပြန်ခဲ့ သည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ပြုလုပ်လျက်ရှိသည့် နစက၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုထားသူများအား ရတနာပုံ တက္ကသိုလ်က သစ္စာဖောက်များအဖြစ် သတ်မှတ်၍ တက္ကသိုလ်ဝင်ခွင့် လက်ခံမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

စာမေးပွဲ ဖြေကြမည့် ကျောင်းသား/သူများ

လက်ရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူများမှာ ၎င်းတို့၏ နိုင်ငံရေးခံယူချက်အပေါ် မူတည်ကြောင်း တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုအောင်နိုင် (အမည်လွှဲ) က ပြောသည်။

၎င်းက “ရတနာပုံကြတော့ အဲဒီဖက်မှာကြတော့ အကယ်၍များ သူတို့က ပညာရေးက နိုင်ငံရေးနဲ့ ပတ်သက်တယ်၊ နိုင်ငံရေးနဲ့ ဆိုင်တယ်ဆိုလို့ရှိရင်တော့ အဲလိုအမြင်တွေ ရှိတယ်ဆိုလို့ရှိရင်တော့ ဒါမှန်တာပေါ့နော်၊ ဒီလို လုပ်တယ်ဆိုတာ မှန်တယ်လို့ ပြောလို့ ရတယ်၊ အဲတော့ တဖက်က ကြည့်ရင် နိုင်ငံရေးက နိုင်ငံရေးသပ်သပ်၊ ပညာရေးက ပညာရေးသပ်သပ်လို့ ယူဆလို့ ရှိရင်တော့ အဲလိုအတွေးအခေါ်ရှိတဲ့ သူတွေအတွက်ဆိုရင်တော့ ဒါက မှားတယ်ပေါ့နော်၊ ဒီအပေါ်မှာတော့ ကျနော် သီးသန့် မှတ်ချက် ပေးစရာမရှိပါဘူး” ဟု ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူများနှင့် ကျောင်းသားမိဘများကို အခက်အခဲ ရှိမည်ဟု မထင်မိကြောင်း၊ ရတနာပုံတက္ကသိုလ်တွင် တက်ခွင့်မပေးပါက အခြား တက္ကသိုလ်များကို ပြောင်းတက်၍ ရသည့် အနေအထားဖြစ်နေကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ လူဦးရေ ၃၁၂,၄၂၄ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ၂၉၁,၇၄၁ ဦးရှိကြောင်း၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၀.၁၈ ရှိကြောင်း နစက၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။