CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် NSPNC ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်သည့် မူဝါဒများကို ရှင်းပြခဲ့သလို အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအနား ကျင်းပမည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က NCA နှစ်ပတ်လည် အခမ်းအနားကျင်းပနိုင်ရေး NSPNC က အစည်းအဝေး လုပ်နေစဉ်

ထို့နောက် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဖိတ်ကြားရေးနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းပြခဲ့သလို ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အခမ်းအနား ကျင်းပရာတွင် အစီအစဉ်တကျ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးခဲ့ သည်။

ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။

အဆိုပါ NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ထဲမှ KNU၊ CNF၊ ABSDF တို့ သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။