CNI International News

အင်ဖာ၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံတွင် တားမြစ်ပိတ်ပင်ခံထားရသည့် လက်နက်ကိုင်အဖွဲ့များသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် မဏိပူရပြည်နယ်ရှိ လူမျိုးစုအဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများပြုလုပ်ရန် အလုပ်သမားများ အား  တပ်သားသစ်အဖြစ် စုဆောင်းနေသည်ဟု အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (national investigation agency) က ပြောကြားခဲ့ကြောင်း North East Now မှ ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်တွင် တရားမဝင်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army- PLA) က လေ့ကျင့်သင်ကြားပေးခဲ့သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် NIA ၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့သည်။

အသက် ၄၅ နှစ်အရွယ် မိုရန်သမ် အာနန် ဆင်း (Moirangthem Anand Singh) အမည်ရှိ အမျိုးသားသည် စက်တင်ဘာ ၁၆ ရက်က မဏိပူရရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သူ ၅ ဦးထဲတွင် ပါဝင်ခဲ့ပြီး ခေတ်မီဆန်းပြားသည့် လက်နက်များ ကိုင်ဆောင်မှုနှင့် ရဲတပ်ဖွဲ့ယူနီဖောင်း ဝတ်ဆင်မှုတို့ဖြင့် တရားစွဲခံထားရသည်။

ထိုဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ဒေသန္တရ တရားရုံးက အာမခံဖြင့်် ပြန်လည်လွှတ်ပေးခဲ့သော်လည်း NIA က အာနန် ဆင်းကို ပြန်လည်ဖမ်းဆီးခဲ့ပြီး ဒေလီ (Delhi) သို့ ပို့ဆောင်ခဲ့သည်။

မဏိပူရပြည်နယ်မှာ ကသည်းလူမျိုးနှင့် ကူကီးလူမျိုး အဓိကရုဏ်းဖြစ်ပွားနေကြစဉ်

မဏိပူရတွင် လူမျိုးရေး မတည်ငြိမ်မှုများကို အသုံးချပြီး အိန္ဒိယအစိုးရအား စစ်ပွဲဆင်နွှဲရန် မြန်မာအခြေစိုက် လက်နက်ကိုင်အဖွဲ့ဝင်များကို နိုင်ငံဖြတ်ကျော် ပူးပေါင်းကြံစည်မှုနှင့် ဆက်နွှယ်သည့် အမှုတစ်ခုဖြင့် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်ဟု NIA က ပြောသည်။

မဏိပူရတွင် လက်ရှိဖြစ်ပွားနေသည့်် မငြိမ်မသက်မှုများကို အသုံးချပြီး လူမျိုးစုအဖွဲ့များအား ဆန့်ကျင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့များသည် မြေပြင်လုပ်သားများ၊ ကေဒါများနှင့် ထောက်ခံ အားပေးသူများအား စုစည်းနေပြီး မြန်မာရှိ အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အချက်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု NIA က ထုတ်ပြန်ခဲ့သည်။ 

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်ဖို့ မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန်ဆင်း လေ့လာနေစဉ်

မြန်မာအခြေစိုက် ခေါင်းဆောင်များသည် အစိုးရ၏ ပစ္စည်းများနှင့် အရင်းအမြစ်များကို လုယက်ယူငင်မှု အပါအဝင် လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား တရားမဝင် စုဆောင်းနေသည်ဟုလည်း NIA က ထုတ်ပြန် ခဲ့သည်။

၇၀ ကီလိုမီတာ အရှည်ရှိသည့် အိန္ဒိယ-မြန်မာနယ်စပ်တွင် နယ်စပ်ခြံစည်းရိုးတစ်ခု တည်ဆောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘိုင်ရန် ဆင်း (N Biren Singh) က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်လမ်းမများ အဖွဲ့ (BRO) မှ အရာရှိများနှင့်ပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက် မည့် အစီအစဉ်ကို စဉ်းစားချင့်ချိန်နေကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Source: North East Now