CNI International News
ဂူဝါဟတီ၊ မတ်လ ၆
မဏိပူရပြည်နယ်ရှိ ထင်ရှားသည့် ကူကီးအဖွဲ့အစည်းတစ်ဖွဲ့က ပြည်နယ်အတွင်းရှိ လမ်းမများအားလုံးပေါ်တွင် မတ်လ ၈ ရက်ကစပြီး ပြည်သူများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို သေချာစေရန် လုပ်ဆောင်သည့် ပြည်ထဲရေးဝန်ကြီး အမစ် ရှား (Amit Shah) ၏ အမိန့်ညွှန်ကြားချက်ကို ငြင်းပယ်ခဲ့ကြောင်း Deccan Herald သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထို့ကြောင့် ကူကီးအဖွဲ့၏ ငြင်းဆိုမှုသည် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မဏိပူရပြည်နယ်တွင် ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းရန် ဗဟိုအစိုးရ၏ အားထုတ်ကြိုးပမ်းမှုများအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း ကျွမ်းကျင်သူများက ယူဆခဲ့ကြသည်။
မတ်လ ၃ ရက်က ပြုလုပ်ခဲ့သည့် လူမျိုးစုစည်းလုံးညီညွတ်ရေးကော်မတီ (COTU) အစည်းအဝေးတွင် ကူကီး-ဇို အသိုင်းအဝိုင်း၏ ရည်မှန်းချက်များ အကောင်အထည် မပေါ်ခင်အချိန်အထိ မဏိပူရပြည်နယ်အတွင်းရှိ ကူကီး-ဇို နယ်မြေများ၌ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ဆန့်ကျင်ကြောင်း ဖော်ပြချက် အပါအဝင် ကြေညာချက် ၈ ခု ထက်မနည်း ထုတ်ပြန်ခဲ့သည်။
ကူကီး-ဇို လူမျိုးများသည် ကသည်းလူမျိုးများ ပါဝင်နေသည့် ပဋိပက္ခကို အဆုံးသတ်စေရန်အတွက် ကူကီး လူမျိုးများ လွှမ်းမိုးထားသော နေရာဒေသများ လွှမ်းခြုံပါဝင်မည့် သီးခြား အုပ်ချုပ်ခွင့်ရဒေသ တစ်ခုကို တောင်းဆိုမှုနှင့်ပတ်သက်ပြီး လိုက်လျောခြင်း၊ အလျှော့ပေးခြင်းတို့ကို ပြုလုပ်မည် မဟုတ်ကြောင်း COTU က ထုတ်ပြန်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်
ကူကီး-ဇို လူမျိုးများသည် စစ်စည်းရုံးခြင်း၊ ဆန္ဒပြမှုများပြုလုပ်ခြင်း၊ ဒီမိုကရေစီ တော်လှန်မှုများမှတဆင့် သီးခြား အုပ်ချုပ်ခွင့်ရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် မိမိတို့၏ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားများကို ရှေ့တန်းတင်ခြင်း သို့မဟုတ် အစိုးရ၏ မူဝါဒများကို လက်ခံခြင်း တို့ ပြုလုပ်သည့် မည်သူ့ကိုမဆို သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး အဂျေး ကူမာ ဘာလာ (Ajay Kumar Bhalla) အနေဖြင့်လည်း သီးခြားအုပ်ချုပ်ခွင့် တောင်းဆိုမှုကို ဆန့်ကျင်ခဲ့သည့် ၎င်း၏ မှတ်ချက်စကားများကို ပြန်လည်ရုပ်သိမ်းရန် COTU က တိုက်တွန်းခဲ့ သည်။
ပြည်ထဲရေးဝန်ကြီး အမစ်ရှားသည် မတ်လ ၂ ရက်က မဏိပူရပြည်နယ်အတွင်းရှိ လုံခြုံရေး အခြေအနေများနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ခဲ့ကာ ပြည်နယ်အတွင်းရှိ လမ်းမအားလုံးပေါ်တွင် လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့် ရရှိအောင် လုပ်ဆောင်ပေးရန် အရာရှိများကို ညွှန်ကြားခဲ့သည်။
ထို့ပြင် လမ်းမများကို ပိတ်ဆို့ရန် ကြိုးပမ်းသူများကိုလည်း ထိရောက်စွာ အရေးယူရန် ဝန်ကြီး အမစ်ရှားက အရာရှိများကို ညွှန်ကားခဲ့ပြီး ကသည်းအဖွဲ့အစည်းအချို့ကမူ အမစ်ရှား၏ ညွှန်ကားချက်အား ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ကြသည်။
Source: Deccan Herald