CNI International News
ဂူဝါဟတီ၊ မေလ ၁၆
မြန်မာနယ်စပ်အနီး အိန္ဒိယ၏ မဏိပူရပြည်နယ်၊ ချန်ဒယ် (Chandel) ခရိုင်တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်သွေးကြွများ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်ဟု Deccan Herald က ဖော်ပြခဲ့သည်။
မေလ ၁၄ ရက်က အာသံရိုင်ဖယ်တပ်ရင်းသည် စစ်သွေးကြွများ၏ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ထောက်လှမ်းရေး သတင်းများ ရရှိခဲ့ပြီးနောက် စစ်ဆင်ရေးပြုလုပ်ချိန်တွင် နယူးဆမ်တယ် (New Samtal) ကျေးရွာအနီး တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“စစ်ဆင်ရေးအတွင်း စစ်သားတွေက သံသယဖြစ်ဖွယ် ကေဒါတွေကို ပစ်ခတ်ခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပါတယ်” ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။
မြန်မာ-အိန္ဒိယနယ်စပ်ကို တွေ့ရစဉ်
အပြန်အလှန် ပစ်ခတ်မှုများအတွင်း ကေဒါ ၁၀ ဦး ချေမှုန်းခံခဲ့ရပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း အိန္ဒိယစစ်တပ်၏ အရှေ့ပိုင်းစစ်ဌာနချုပ်က X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သေဆုံးခဲ့သည့် စစ်သွေးကြွများသည် မည်သည့်အဖွဲ့မှ ဖြစ်သည်ဆိုခြင်းကို သိရှိနိုင်ရန်အတွက် စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေသလို စစ်ဆင်ရေးကိုလည်း ဆက်လက် ပြုလုပ်နေကြောင်း အာသံရိုင်ဖယ်တပ်ရင်းမှ စစ်မှုထမ်း တစ်ဦးက ပြောကြားခဲ့သည်။
မဏိပူရပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလကတည်းက ကသည်းလူမျိုးများနှင့် ကူကီးလူမျိုးများကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီလ၌ မဏိပူရပြည်နယ်သည် သမ္မတ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။
အိန္ဒိယနှင့် မြန်မာနယ်စပ်အနီးတွင် ကူကီး၊ နာဂ၊ ကသည်း၊ ဇိုမီး စသည့် လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။
Source: Deccan Herald