CNI International News

ဒီမာပူရ၊ ဇွန်လ ၁၂

နာဂအမျိုးသား နိုင်ငံရေးအုပ်စုများ၏ လုပ်ငန်းရေးရာကော်မတီ (Working Committee of Naga National Political Groups-WC, NNPGs)က လက်မှတ်ရေးထိုးခဲ့သည့် Agreed Position (AP) စာချုပ်သည် NSCN-IM နှင့် အိန္ဒိယဗဟိုအစိုးရကြား လက်မှတ်ရေးထိုးခဲ့သည့် Framework Agreement (FA) စာချုပ်ကို တမင်ဖျက်ဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း NSCN-K/NK အဖွဲ့၏ ဥက္ကဋ္ဌ Niki Sumi က ဇွန်လ ၉ ရက်တွင် ဒီမာပူရမြို့၌ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုမှတ်ချက်စကားသည် လက်ရှိ နာဂနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများနှင့် အတွင်းစည်း သဘောထား ကွဲလွဲမှုများကို ထင်ဟပ်စေသည့် ပြင်းထန်သော မှတ်ချက်စကား တစ်ခုဖြစ်ခဲ့သည်။

အဖွဲ့ ၇ ဖွဲ့ပါဝင်သည့် NNPG သည် AP စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သော်လည်း နောက်ပိုင်းတွင် စည်းလုံး ညီညွတ်ခဲ့ခြင်းမရှိကြောင်း Niki Sumi က ပြောသည်။

“NNPG က Agreed Position စာချုပ်ကို လက်မှတ်ရေးထိုးချိန်မှာ သူတို့အနေနဲ့ အေးအေးဆေးဆေး ဖြစ်သင့်ပါ တယ်။ သူတို့ဆန္ဒနဲ့ သူတို့ လက်မှတ်ထိုးခဲ့တာပါ။ အခုတော့ NNPG အဖွဲ့ ၇ ဖွဲ့ဟာ ကွဲသွားပြီး အဖွဲ့တွေအများကြီး ထွက်ပေါ်လာပါတယ်”ဟု ၎င်းက ဆိုသည်။

NSCN-K/NK အဖွဲ့မှ ကိုယ်စားလှယ်တွေကို တွေ့ရစဉ်

“Agreed Position နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ အဆုံးသတ်သွားပြီလို့ သူတို့က ပြောပါတယ်။ ဒါပေမယ့် အဆုံး သတ် သွားပြီဆိုရင် အဖွဲ့ခွဲတွေ အများကြီး ဘာလို့ပေါ်လာတာလဲ။ Agreed Position ထဲက အချက်အလက်တွေ ကိုစပြီး အကောင်အထည်ဖော်လိုက်ပါ။ အကောင်အထည် မဖော်ရင်တော့ အဖွဲ့ခွဲ အသစ်တွေ ထပ်ပြီး ပေါ်လာ ပါလိမ့်မယ်။ ဆွေးနွေးမှုတွေ ပြီးပြီဆိုတာကို သူတို့က ဘာကိုကြည့်ပြီး ပြောနေကြတာပါလဲ” ဟု Niki Sumi က ပြောသည်။

နာဂနိုင်ငံရေး လှုပ်ရှားမှု၏ ဆိုရှယ်လစ်သဘောသဘာဝကို နားလည်မှုလွဲရာမှ ဂိုဏ်းခွဲအသစ်များ ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း Niki Sumi က ပြောသည်။ 

အသစ်ပေါ်ပေါက်လာသည့် အုပ်စုများသည် ရှင်းလင်းတိကျသော နိုင်ငံရေး အယူဝါဒနှင့် ကိုယ်ပိုင်မူများ မရှိကြောင်းလည်း ၎င်းက ပြောသည်။

လုပ်ငန်းရေးရာကော်မတီ၏ အခန်းကဏ္ဍကို ဝေဖန်ရာတွင်လည်း Niki Sumi က “အဖွဲ့ငယ် ၇ ဖွဲ့က NNPG ကို ထူထောင်တယ်။ အဲဒီအဖွဲ့က အိန္ဒိယအစိုးရနဲ့ ဆက်ဆံဖို့ လုပ်ငန်းရေးရာကော်မတီကို ဖွဲ့စည်းတယ်။ သူတို့က WC, NNPGs ဆိုတဲ့အမည်နဲ့ အခွန်တွေကောက်နိုင်တယ်။ အခုတော့ ၇ ဖွဲ့၊ ၈ ဖွဲ့လောက်ကွဲပြီး အခွန်တွေ စတင် ကောက်ခံနေတယ်။ ပညာတတ်တဲ့ နာဂတွေက ဒါကို နားလည်ပေမယ့် ရေငုံနှုတ်ပိတ်နေကြတယ်” ဟု ပြောကြား ခဲ့သည်။

အိန္ဒိယအစိုးရ၏ မူဝါဒသည် WC, NNPGs ကို ဖွဲ့စည်းရန်နှင့်  Agreed Position စာချုပ်ချုပ်ဆိုရန်ဖြစ်ပြီး ထိုစာချုပ် သည် ယခင်ချုပ်ဆိုထားသည့် Framework Agreement စာချုပ်ကို မှေးမှိန်စေရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

NSCN-K/NK အဖွဲ့ဥက္ကဋ္ဌ နီကီဆူမီးကိုတွေ့ရစဉ်

ထို့ပြင် Niki Sumi က နာဂအဖွဲ့များကြား ဆက်ဆံရေး မြင့်တက်စေရန်နှင့် သွေးစွန်းသည့် ပဋိပက္ခကို လျှော့ချရန် ကြိုးပမ်းနေသော နာဂအမျိုးသားရင်ကြားစေ့ရေးဖိုရမ် (Forum for Naga Reconciliation-FNR) ၏ အားထုတ် ကြိုးပမ်းမှုများကိုလည်း အသိအမှတ်ပြုပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့ပြင် အရှေ့ပိုင်း နာဂလန်းပြည်သူများ အဖွဲ့အစည်း (ENPO) ၏ “စည်းလုံးခြင်းသည်ပထမ၊ အဖြေရှာရေးသည် ဒုတိယ” (“Unity First, Solution Second” ) ဆိုသည့် သဘောထားကိုလည်း Niki Sumi က ချီးကျူးခဲ့သည်။

သို့သော် နာဂအဖွဲ့အစည်းများ အားလုံးပါဝင်သည့် အစည်းအဝေးကို တက်ရောက်ရန် တွန့်ဆုတ်နေသည့်  (ENPO) ၏ သဘောထားကိုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

နာဂပြည်နယ်၏ အလွှာပေါင်းစုံတွင် အဂတိလိုက်စားမှုများရှိနေပြီး နာဂနိုင်ငံရေးအဖွဲ့များ ပြည်နယ်အစိုးရမှအစ ရပ်ကျေးအဆင့် ကောင်စီများအဆုံး အကျင့်ပျက်ခြစားမှုများရှိနေကာ လူမှုအဖွဲ့အစည်းအချို့သည်လည်း ငွေကို လွယ်လွယ်ကူကူ ရရှိနေကြောင်း  ၎င်းက စွပ်စွဲခဲ့သည်။

Niki Sumi သည် မြန်မာဘက်ခြမ်းတွင် အခြေစိုက်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)အဖွဲ့ကနေ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၉ ရက်က ထုတ်ပယ်ခံရပြီးနောက် NSCN-K/NK အဖွဲ့ကို ထူ ထောင်၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူသွားခဲ့သူ ဖြစ်သည်။

Source: East Mojo