CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၂၇

ယခုသီတင်းပတ်အတွင်း ပြုလုပ်မည့် ထိုင်းနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့၏ အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် ပြဿနာကို အဓိကထား ဆွေးနွေးသွားမည်ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နူကာရာ (Parnpree Bahiddha-Nukara) က ပြောကြားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

အွန်လိုင်းမှ ငွေကြေး လိမ်လည်သူများသည် စိတ်ပျက်စရာကောင်းပြီး ထိုင်းပြည်သူများကို အလွန်ထိခိုက် နစ်နာ စေခဲ့ကာ ထိုလိမ်လည်မှုများအား ချက်ချင်း တိုက်ဖျက်ရန် လိုအပ်သည်ဟု ပန်ပရီက ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက် (Hun Manet)တို့သည် စက်တင်ဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တော်၌ တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟီဒါ နူကာရာကို တွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ် ဆရီသာသည် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံ များအသင်း (အာဆီယံ) အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

ထို့ကြောင့် ထိုအစည်းအဝေးသည် ဆရီသာအတွက် ထိုင်းဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်မည့် အာဆီယံ အစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။

ထိုင်းနိုင်ငံသည် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို အမြတ်ဖြတ် ချေမှုန်းရန် ဆန္ဒရှိနေသည်ဟု လည်း မစ္စတာ ပန်ပရီက ပြောသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ပန်ပရီသည် ကမ္ဘောဒီးယား၏ အော်ဒါ မင်းချေး (Oddar Meanchey) ခရိုင်ရှိ ဘန် စတန်း ဘော့ (Ban Stung Bot) မြို့နှင့် ထိုင်း၏ အာရန်ယာပရာသက် (Aranyaprathet) ခရိုင်ရှိ ဘန်နောင်အိုင်ရန် (Ban Nong Ian) နှင့် ဆက်သွယ်ထားသည့် ထိုင်း-ကမ္ဘောဒီးယား ချစ်ကြည်ရေးတံတား (Thai-Cambodian Friendship Bridge) တည်ဆောက်နေသည့် အခြေအနေများကို လေ့လာကြည့်ရှုရန် ဆာကီယို ပြည်နယ်သို့ စက်တင်ဘာ ၂၅ ရက်က သွားရောက်ခဲ့သည်။ 

ထိုင်း-ကမ္ဘောဒီးယား ချစ်ကြည်ရေးတံတားကို တွေ့ရစဉ်

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအကြား ဆာကီယိုပြည်နယ်တွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ဘတ် ၁၀၃ ဒသမ ၆ ဘီလျံအထိ ရှိခဲ့သည်ဟု ပန်ပရီက ပြောကြားခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်ရှိ စတုရန်းကီလိုမီတာ ၁၀၀ အကျယ်ရှိသည့် နယ်မြေဒေသတွင် မြေမြှုပ်မိုင်းများ ကို ရှင်းလင်းရန်အတွက် ထိုင်းစစ်တပ်က တာဝန်ယူ လုပ်ဆောင်ခဲ့သည်ဟုလည်း ပန်ပရီက ပြောသည်။

လက်ရှိတွင် ထိုနယ်မြေဒေသတွင် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်သည် တိုးတက်မှုများ ရရှိနေပြီး မိုင်းရှင်းလင်းရေး အတွက် ကျန်ရှိသည့် မြေနေရာသည် ၅ ဒသမ ၉  စတုရန်းကီလိုမီတာသာ ကျန်ရှိတော့ကြောင်းလည်း ပန်ပရီက ပြောကြားခဲ့သည်။

Source: Thai PBS World