CNI International News

ဘန်ကောက်၊ နိုဝင်ဘာ ၁၂

ထိုင်းအစိုးရသည် အောက်လွှတ်တော်တွင် နေရာအများစု ရရှိထားမှုနှင့်အတူ ထိုင်းနိုင်ငံရေး အခြေအနေသည် ကောင်းမွန်နေသည်ဟု ယူဆရဖွယ်ရှိနေသော်လည်း နားလည်မှုသဝဏ်လွှာ ၄၄ (MoU 44) ဟု လူသိများသည့် အငြင်းပွားဖွယ် သဘောတူညီချက်ကြောင့် ထိုင်းနိုင်ငံရေး အခြေအနေသည် စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုနားလည်မှု သဝဏ်လွှာကို ၂၀၀၁ ခုနှစ်က ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) လက်ထက် နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) လက်ထက်တွင် လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထိုသဝဏ်လွှာအရ ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ဖြစ်ပွားနေသည့် ထိုင်း ပင်လယ်ကွေ့တွင် ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုကို သဘောတူခဲ့ခြင်းဖြစ်သည်။

ထိုသဘောတူညီချက်အရ ဒေသတွင်း တူးဖော်ရရှိသည့် ရေအောက် ဓာတ်ငွေ့များ၊ ရေနံများနှင့် သတ္တုများကို ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ထက်ဝက်စီ ခွဲဝေရယူရမည်ဖြစ်သည်။

မကြာသေးမီက ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် ပူးတွဲ လုပ်ငန်းစဉ် ကော်မတီတစ်ခုကို ကြေညာပြီး ထိုင်းပင်လယ်ကွေ့တွင် ကမ္ဘောဒီးယားနှင့် သဘောတူညီချက်အတွက် ညှိနှိုင်းမှု များကို စတင်လုပ်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း အတိုက်အခံများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တွေ့ရစဉ်

Palang Pracharath ပါတီနှင့် Thai Pakdee တို့ကမူ MoU 44 ကို ဖျက်သိမ်းရန် တိုက်တွန်းခဲ့ပြီး ၂၀၀၁ ခုနှစ်က ထိုနားလည်မှု သဝန်လွှာအား ရက်ပေါင်း ၄၄ ရက်အတွင်း အလောတကြီး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ထို့ပြင် ထိုနားလည်မှု သဝဏ်လွှာသည် ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်သည့် ကုလသမဂ္ဂ၏ သဘောတူညီချက်ကို ချိုးဖောက်နေကြောင်းလည်း အတိုက်အခံများက ပြောကြားခဲ့သည်။

အထူးသဖြင့် ကမ္ဘောဒီးယား၏ ကမ်းဦးရေတိမ်ပိုင်း နယ်နိမိတ် ပိုင်ဆိုင်မှု ကြေညာချက်သည် ထိုင်း၏ အထူးစီးပွားရေးဇုန်နှင့် ခိုကွတ် (Koh Kut) ကျွန်းတို့၏ နယ်မြေကို ထိပါးနေကြောင်းလည်း အတိုက်အခံများက ပြောကြားခဲ့သည်။

ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ (MFP) ဝင်များကနေ အသစ်ဖွဲ့စည်းခဲ့သော ပြည်သူ့ပါတီကမူ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး နုတ်ဆိပ်နေသော်လည်း ထိုနားလည်မှု သဝဏ်လွှာအပေါ် အချေအတင် ငြင်းခုံမှုများက ပေတုန်တန်အစိုးရအဖွဲ့ကို ဖိအားများအောက် ရောက်ရှိစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်