CNI International News
ဘန်ကောက်၊ မေလ ၂၃
ထိုင်းနိုင်ငံတွင် ရှိနေသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ၁၉၀,၀၀၀ ၏ အလုပ်လုပ်ခွင့် ပါမစ်များကို သက်တမ်းတိုးပေးရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များက အစိုးရကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားများ၏ လိုင်စင်များ သက်တမ်း ကုန်ဆုံးသွားခဲ့မည်ဆိုပါက လုပ်သား ပြတ်လပ်မှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက သတိပေးထားသည်။
အမျိုးသား အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးကောင်စီဥက္ကဋ္ဌ တာနစ် ဆိုရတ် (Tanit Sorat) ကမူ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား လုပ်သားများအတွက် တင်းကျပ်သော စည်းမျဉ်းများကို ဖြေလျှော့ပေးရန်နှင့် ပါမစ်သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန် ချောမွေ့အောင် လုပ်ဆောင်ပေးရန် အာဏာပိုင်များကို တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းက လူများစုသွားလာနေကြစဉ်
“ကောင်စီဟာ မေလ ၂၀ ရက်က ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးကဏ္ဍအနေနဲ့ လုပ်သားပြတ်လပ်မှု ဖြစ်လာနိုင်ခြေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေကြပါတယ်” ဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ မစ္စတာ တာနစ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား နယ်စပ်ပဋိပက္ခ မဖြစ်ပွားမီ အချိန်အထိ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဲ့သို့ လုပ်ငန်းကဏ္ဍများတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား လုပ်သား အရေအတွက်မှာ ၄၀၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်တွင် ကမ္ဘောဒီးယား အလုပ်သမား အများအပြားသည် ၎င်းတို့၏ နေရပ်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။
ထိုင်းနိုင်ငံသည် တရားမဝင် ရွှေ့ပြောင်း လုပ်သားများနှင့် ပါမစ် သက်တမ်း ကုန်ဆုံးသွားသူများကို နေရပ်သို့ ပြန်ပို့သည့် မူဝါဒကို ကျင့်သုံးသည်။
ယခုကိစ္စကို ကောင်းစွာ သိရှိနားလည်ထားသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ကမ္ဘောဒီးယားလုပ်သား ၁၉၀,၀၀၀ ၏ ပါမစ်များကို သက်တမ်းတိုးပေးရန် တင်ပြထားသော်လည်း၊ အစိုးရဘက်ကမူ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းက လူများစုသွားလာနေကြစဉ်
အကယ်၍ ကမ္ဘောဒီးယားလုပ်သားများ ထွက်ခွာသွားရပါက စီးပွားရေး လုပ်ငန်းများ အနေဖြင့် ၎င်းတို့နေရာတွင် အစားထိုးရန်အတွက် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ လုပ်သားအသစ်များကို ရှာဖွေစုဆောင်းရန် အချိန် ယူရလိမ့်မည်ဖြစ်ကြောင်း မစ္စတာ တာနစ်က ပြောကြားခဲ့သည်။
ထိုပြဿနာကို လျှော့ချနိုင်ရန်အတွက် ထိုင်းနိုင်ငံသည် သီရိလင်္ကာနှင့် အစောပိုင်း အဆင့်အနေဖြင့် လုပ်သား ၁၀,၀၀၀ ခေါ်ယူရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး၊ နောက်ထပ် လုပ်သား ၃၀,၀၀၀ အထိ တိုးမြှင့် ခေါ်ယူနိုင်မည့် သဘောတူညီချက်လည်း ရှိနေသည်။
ထို့ပြင် ထိုင်းအစိုးရအနေဖြင့် လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား များနှင့် ဒုက္ခသည်များကို ပိုမိုခေါ်ယူသွားရန် စီစဉ်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄ သန်းနီးပါး အလုပ်လုပ် ကိုင်လျက်ရှိပြီး ၎င်းတို့အနက် မြန်မာနိုင်ငံ သားများမှာ ၈၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ လုပ်သားများ က ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာများတွင် အစဉ်လိုက် ရပ်တည်နေသည်။
Source: ဘန်ကောက်ပို့စ်
