CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို ပြေလည်နိုင်ရေး လွှတ်တော်သို့ တင်ပြသွားရန်ရှိသည်ဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး မိုးနဲမြို့နယ်အတွင်း လယ်ဧကပေါင်း ၁၀,၀၀၀ ကျော်၊ ယာဧက‌ပေါင်း ၁၀,၀၀၀‌ ကျော်ရှိကြောင်း၊ ရှမ်းပြည်နယ်အတွင်း လယ်ဧကအများဆုံး မြို့နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။ 

တောင်သူလယ်သမားအရေးကို လွှတ်တော်တွင် ဦးစားပေး တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ စားဝတ်နေရေးသည် အင်မတန် စိုးရိမ်စရာ အခြေအနေရှိကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ကျနော့်အမြင်ကတော့ အခုချိန်မှာ နယ်မြေက မအေးချမ်းဘူး။ မအေးချမ်းတဲ့ အချိန်ကျတော့ တရား ဥပဒေစိုးမိုးမှုကလည်း မရှိ‌တော့ဘူး။ လုပ်ရကိုင်ရ စားသောက်ရတာ ခက်တယ်။ ဥပမာ တောင်သူ လယ်သမား တွေဆို စိုက်ဖို့စရိတ် ချေးငွေကလည်း သူတို့မရကြဘူး။ အခုကတော့ ပေးမယ်လို့တော့ ပြောတယ်။ အဲဒီထဲမှာ ကျနော် ကိုယ်စားပြုတဲ့ မိုးနဲမှာဆိုရင်‌တော့ ရက် ၁၀၀ စီမံကိန်းမှာဆို မပါဘူးဗျ။ တကယ်တမ်းပြောရင် နိုင်ငံမှာ လိုအပ်တာ တော့ အများကြီးရှိတယ်။ ဒါပေမယ့် လက်ရှိအောက်ခြေမှာ တကယ်တမ်း‌ ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမား အရေးကိုတော့ ကျနော် ဦးစားပေး ဆောင်ရွက်သွားဖို့အတွက် ထင်မြင်ထားတယ်။ လောလောဆယ်က သူတို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရေလျှံတယ်၊ စပါးတွေ ဘာတွေ မစိုက်နိုင်ဘူး။ အဲဒီ စိုက်ထားတဲ့ စပါးတွေကလည်း ရေလျှံပြီးမှ ဆုံးရှုံးနေတာ။ အခုက ပြန်စိုက်ဖို့အတွက် အရင်းအနှီးလည်း မရှိတော့ဘူး။ အဲ့တော့ သူတို့အရင်းအနှီး ရဖို့အတွက် ချေးငွေရဖို့အတွက် အဲဒီအတွက်ကို စီစဉ်ထားတာ ရှိပါတယ်။ အဲဒီကနေမှတဆင့် ကျေးလက် ကုန်ထုတ်လမ်းတွေလည်း ပျက်စီးနေတယ်။ နောက်ပြီးမှ သူတို့ထွက်ရှိလာတဲ့ ဒေသထွက်တဲ့ သီးနှံတွေဆိုရင် လည်း တစ်နေရာနဲ့တစ်နေရာ သယ်ဆောင်ခွင့် မရှိဘူးဆိုတဲ့ဟာကြီးက ကန့်သတ်ထားတာတွေလည်းရှိတယ်”ဟု ပြောသည်။

 မိုးနဲမြို့နယ် လယ်ယာများကို တွေ့ရစဉ်

ထို့နောက် မိုးနဲမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာထွက်ကုန်များ ဈေးကောင်းရရှိဖို့အတွက်လည်း ကြိုးပမ်းသွားမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ဆက်ပြောသည်။ 

၎င်းက “အဲဒီတော့ ထွက်လာတဲ့ ကြက်သွန်ဖြူတို့ ဘာတို့ဆို တစ်ပိဿာမှ နှစ်ထောင် သုံးထောင်ပဲရတယ်။ အဲဒီ အခြေအနေလိုမျိုး ဒီတောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးက အင်မတန်ကို စိုးရိမ်စရာ အခြေအနေရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ‌သူတို့ ကောင်းကောင်းမွန်မွန် ပြန်ထွက်နိုင်အောင် အရင်းအနှီး ပြန်ရှိအောင် ထွက်ရှိလာတဲ့ဟာ တွေအတွက် ပိုပြီးတော့ အထွက်တိုးဖို့အတွက် ပိုးသတ်ဆေးတို့ နောက်ပြီးမှ မြေဩဇာတို့ နောက်ပြီးတော့ အခုဟာ က ကျွဲနွားတွေနဲ့ မလုပ်တော့ စက်ပစ္စည်းတွေပေါ့လေ၊ အဲဒါတွေကိုလည်း ပံ့ပိုးပေးနိုင်ဖို့အတွက်ရယ်၊ နောက် ထွက် ရှိလာတဲ့ သူတို့ရဲ့ သီးနှံတွေကိုလည်း ဈေးကွက်မှာ ဈေးကောင်းရဖို့အတွက် အဲဒီအတွက်ကို ဦးစားပေး ဆောင်ရွက် ဖို့အတွက် ကျ‌‌နော် ကြိုးစားနေတယ်” ဟု ပြောသည်။ 

လက်ရှိအချိန်တွင် မိုးနဲမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း မရှိသေးသည့်အတွက် တောင်သူများသည် အခက်အခဲများဖြစ်နေကြောင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ရက် ၁၀၀ စီမံချက်တွင် မပါဝင်သည့်အတွက် တောင်သူများသည် စိုက်ပျိုးချိန် အမီမရရှိနိုင်ဘဲ များစွာနောက်ကျမည် ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် မိုးနဲမြို့အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ရေလွှမ်းမိုးမှု ခံခဲ့ရသဖြင့် လယ်ဧက ၇၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ သလို ၂၀၂၅- ၂၀၂၆ ခုနှစ်တွင်လည်း ဒေသထွက်ကုန်များ ကျဆင်းသည့်အပြင် လုပ်အားခနှင့် စိုက်ပျိုး ကုန်ကျ စရိတ် မြင့်တက်လာခြင်းကြောင့် အရှုံးပေါ်ခဲ့ရကြောင်း၊ ထို့ကြောင့် တောင်သူများအနေဖြင့် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်နေရသည်။ 

မိုးနဲမြို့နယ် လယ်ယာများကို တွေ့ရစဉ်

လက်ရှိ မြေပြင်တွင် ကုန်‌စျေးနှုန်းသည် တစ်စတစ်စ ပို၍ မြင့်တက်လာပြီး တောင်သူလယ်သမားများ၏ ထွက်ကုန် များကတော့ ထိုက်သင့်သည့် တန်ဖိုးမရရှိကြောင်း၊ ထိုကွာဟချက်များအား လွှတ်တော်ထဲတွင် မေးမြန်း တင်ပြ သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းလင်းက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အဓိက,ကတော့ဗျာ ကျနော်တို့က ကျနော့်နိုင်ငံမှာ လုပ်စရာတွေက အများကြီးရှိတယ်။ အဓိက,ကတော့ ကိုယ်စားပြုတဲ့ ဒေသက ပြည်သူတွေရဲ့ လိုလားချက်ကို အဓိက,ကတော့ လမ်းတို့၊ တံတားတို့၊ မီးတို့ အခု လောလောဆယ် သူတို့ အခုချိန်ဆိုရင် မိုးရာသီက ရောက်တော့မယ်ဗျာ။ ဥပမာ ကျနော့်ရဲ့ ‌ဒေသမှာဆိုရင် နှစ်တိုင်း ရေလျှံနေတာ။ အဲဒီ နုန်းမြေတွေက အဲဒီမြစ်တွေ၊ ချောင်းတွေ၊ ဆည်တွေထဲကို ဝင်ပြီးမှ အဲဒီ နုန်းတွေအပေါ်မှာ သစ်ပင်တွေ ဘာတွေပြန်ပေါက်ပေါ့ဗျာ။ အဲဒီလိုနဲ့ အဲဒီဒေသမှာ မနှစ်တုန်းကဆိုရင် ဧက ၇၀၀၀ လောက် ရေလွှမ်း သွားတယ်ဗျ။ ဧက ၇၀၀၀ လောက်က ပျက်စီးသွားတယ်။ အဲဒါကြောင့်မို့လို့ အဲဒါကို ဦးစားပေးဖို့ အခုသူတို့က လည်း သက်ဆိုင်ရာဌာနကနေ ကွင်းဆင်းပြီးမှ ဒီကိစ္စကို တော်တော်မြန်မြန် ဆောင်ရွက်ပေးမယ်လို့ ကျနော့်ကို သူတို့က အကြောင်းကြားလာတာရှိပါတယ်။ ကုန်ဈေးနှုန်းက ‌ဈေးက အဆမတန် မြင့်လာတယ်။ နောက်ပြီးမှ တကယ့် အောက်ခြေ လူတန်းစားပေါ့နော် တောင်သူလယ်သမားတွေရဲ့ ထွက်ရှိတဲ့ သူတို့ရဲ့ ထွက်ကုန်ကို ကျတော့ ဈေးကမရဘူး။ အဲဒီဟာနဲ့ ကွာဟချက်ကို နည်းတစ်မျိုးမျိုးနဲ့ နိုင်ငံတော်အနေနဲ့ သူတို့မဆုံးရှုံးအောင် တော့ သတ်မှတ်ပြီး တစ်ခုခုနဲ့ လုပ်ပေးဖို့ အစီအစဉ် ရှိ/မရှိ အဲ့လိုမျိုးမေးဖို့ ကျနော် စဉ်းစားထားတယ်” ဟု ပြော သည်။ 

လက်ရှိ အစိုးရသစ်သည် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၀ ရက်အထိ ရက် ၁၀၀ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်နေပြီး အဆိုပါ ရက် ၁၀၀ စီမံကိန်းတွင် တောင်သူလယ်သမားများ ချေးငွေ တိုးမြှင့် ချေးနိုင်‌‌ရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေး၊ စွမ်းအင်စသည့် ကိစ္စရပ်များ ပါဝင်သည်။