CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅

လယ်ယာမြေ ၁၀ ဧက အထက် ပိုင်ဆိုင်သည့် တောင်သူကြီးများအား လက်ရှိ နွေစပါးစိုက်ပျိုးရေး ရာသီအတွက် တစ်ဧကလျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် ကာလတို ချေးငွေထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၄ ရက်နေ့က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ KBZ၊ A Bank၊ AYA၊ Yoma၊ UAB တို့မှ တာဝန်ခံများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်းနှင့် ချေးငွေထုတ် ပေးရာတွင် ပုံစံ (၇) အာမခံဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေ ၁၀ ဧက အထက် ပိုင်ဆိုင်သည့် တောင်သူကြီးများကိုသာမက ၁၀ ဧက အောက်သာပိုင်ဆိုင်သည့် တောင်သူကြီးများကိုပါ ထုတ်ချေးပေးသင့်ကြောင်း လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းမှဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာ၀န်ရှိသူများကိုတွေ့ရစဉ်

၎င်းက “၁၀ ဧက အထက်ရှိတဲ့ ‌တောင်သူကိုပဲ ချေးမယ်ဆိုရင်တော့ လုပ်ကွက်ငယ် တောင်သူကို ဂရုမစိုက်ရာကြ တယ်။ တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး ရည်ရွယ်ချက်မှာ။ ရည်ရွယ် ချက် ၅ ချက်ထဲမှာ နောက်ဆုံးအချက်ဖြစ်တဲ့ အချက်တစ်ချက်က  လုပ်ကွက်ငယ်တောင်သူများအား ဦးစားပေးရန် ဆိုတဲ့ အချက်အလက်လည်း ပါတာမို့လို့ လုပ်ကွက် ၁၀ ဧကအောက်ဆိုရင် လုပ်ကွက်ငယ်ခေါ်တာပေါ့။ လုပ်ကွက် ငယ် တောင်သူတွေကို မချေးဘဲနဲ့ လုပ်ကွက်များတဲ့ တောင်သူတွေကိုပဲ ချေးမယ်ဆိုရင် လုပ်ကွက်ငယ်တောင်သူ တွေက အရင်းအနှီးပိုပြီးတော့ ချို့တဲ့တာများပါတယ်။

 ဘာလို့ဆို ဝင်ငွေနဲ့ ထွက်ငွေက မျှမှ မမျှတာ။ ဖြစ်နိုင်မယ် ဆိုရင်တော့ ၁၀ ဧကအောက် တောင်သူတွေကိုပါ ဒီလိုလေး ကြည့်ရှုပြီးတော့ ချေးငှားပေးမယ်ဆို ပိုကောင်းပါ တယ်။ ၁၀ ဧက အထက်ကိုပဲ ပေးမယ်ဆိုရင်တော့ နည်းနည်း မျက်နှာလိုက်ရာကြပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ချေးငွေထုတ်ချေးပေးရန် ဆောင်ရွက်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး ထုတ်ချေးပေးမည့် ပမာဏသည်လည်း တောင်သူများအတွက် အထောက်အကူ ဖြစ်ကြောင်း တောင်သူ လယ်သမားများက ပြောသည်။

လက်ရှိတွင် အချို့ဒေသများ၌ နွေစပါးအား စတင်စိုက်ပျိုးနေကြပြီ ဖြစ်သောကြောင့် လာမည့် ဇန်နဝါရီလ  မတိုင် ခင် ထိုချေးငွေအား တောင်သူများထံ ထုတ်ချေးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းတို့က အကြံပြုသည်။

ထိုသို့ ချေးငွေ ထုတ်ချေးပေးမည့် အထဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် မန္တလေးတိုင်းဒေသကြီးရှိ နွေစပါးစိုက်ပျိုးသည့် ဧရိယာများတွင် စိုက်ပျိုးထုတ် လုပ်မှု ဖွံ့ဖြိုးရေးအတွက်သာဖြစ်သည်။

သို့သော် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ မပါဝင်သည်ကို တွေ့ရသည်။

တောင်သူများကိုတွေ့ရစဉ်

ချေးငွေထုတ်ပေးမည့်အထဲတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ မပါဝင်ခြင်းသည် နယ်မြေမတည်ငြိမ် ခြင်းကြောင့် ဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “လတ်တလောမှာက တခြားနေရာတွေနဲ့ ယှဉ်ရင် အခြေအနေက နည်းနည်းတည်ငြိမ်တဲ့ အနေအထားမျိုး ရှိတာပေါ့။ ဆိုတော့ အဲဒီဟာကို အဓိက အခြေခံပြီးတော့ တကယ်လည်း စပါးစိုက်နိုင်တဲ့ လူမျိုးတွေကို အခြေခံ ပြီးတော့မှ ချေးပေးတယ်လို့ မြင်တာပေါ့။ လတ်တလောမှာလည်း အဲဒီကပဲ အဓိက ထွက်တော့တာပေါ့လေ။ အဓိကတော့ ရွှေဘိုဘက်ကတော့ စပါးထွက်တယ်ဆိုပေမယ့်လည်း တကယ့် conflict ဧရိယာတွေ၊ အပြင်းထန် ဆုံးနေရာတွေ ဖြစ်နေတဲ့အတွက်ကြောင့် စပါးစိုက်နိုင်တဲ့ တောင်သူကလည်း အရင်ကထက်စာရင် အများကြီး လျော့သွားပြီ။ အဲဒီနေရာကလူတွေကို ချေးပေးလိုက်ရင် ဆုံးရှုံးမှုက risk က ပိုများတဲ့အတွက်ကြောင့် ဘဏ်တွေ ကလည်း လက်ခံပုံမရဘူးပေါ့။ ဒါမျိုးလည်း ထည့်စဉ်းစားမယ်ထင်တယ်။ ရခိုင်မှာဆိုလည်း အခု AA နဲ့ စစ်ဖြစ်နေ တယ်ဆိုတော့ အဲဒီနေရာမျိုးတွေက ရှောင်ရမယ့်နေရာလို့ သူတို့ သတ်မှတ်ထားပုံရပါတယ်။ ဒါကြောင့်ပဲ အခုပြော တဲ့ ဒေသတွေကို ဦးစားပေးပြီးတော့ ချေးပေးတယ်လို့ ထင်တယ်” ဟု ပြောသည်။

အဆိုပါ ချေးငွေနှင့်ပတ်သက်၍ ဧက ၁ သိန်းအထိ Pilot Project အဖြစ် စတင် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဘဏ်တာဝန်ရှိသူတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

လက်ရှိတွင် စပါးစိုက်တောင်သူများသည် စက်သုံးဆီ ဝယ်ယူရ အဆင်မပြေသည့် ပြဿနာနှင့် ကြုံတွေ့နေရ ကြောင်း သိရသည့်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် နွေစပါးရာသီအတွက် တောင်သူများ စက်သုံးဆီနှင့် ဓါတ်မြေဩဇာများကို သက်သာသည့်နှုန်းထားဖြင့် လုံလောက်စွာရရှိရေး ဆောင်ရွက်နေကြောင်း သိရသည်။