CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အောက်တိုဘာလအတွင်း ထုတ်ပြန်သည့် ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များအရ လက်ရှိ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေသည် ကျပ် ၈ ဘီလီယံနီးပါး ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

ဘတ်ဂျက်လိုငွေသည် နှစ်စဉ် ရှိနေသော်လည်း ယခုနှစ်သည် ပြီးခဲ့သည့်နှစ်များထက် ပို၍ လိုငွေပြနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

ထို့နောက် ယခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်အသုံးစရိတ်များ မြင့်တက်လျက်ရှိနေပြီး နယ်စပ် ကုန်သွယ်ရေး ရပ်တန့်နေခြင်းကြောင့် နိုင်ငံတော်မှ အခွန်ရရှိမှုသည် လျော့ကျနေမည်ဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ဘတ်ဂျက်လိုငွေကို ဖြည့်တင်းရန်အတွက် ဗဟိုဘဏ်၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း၊ ဘတ်ဂျက်လိုငွေနှင့် ပတ်သက်၍ ပြည်ပရောက် အလုပ်သမားများဆီမှ အခွန်ကောက်ယူခြင်းနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်များထံမှ အခွန်တိုးကောက်ယူခြင်းများ ပြုလုပ်လာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇာ်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီများ တန်းစီစောင့်ထည့်နေကြစဉ်

၎င်းက “ဘတ်ဂျက်ကတော့ လိုငွေ ရှိမှာပဲ။ ဒါကတော့ သူတို့ ဘယ်လိုနည်းနဲ့ ဖြည်းတင်းမလဲဆိုတာတော့ ဆရာ တို့လည်း စောင့်ကြည့်ရမှာပေါ့။ ဒါကတော့ ဗဟိုဘဏ်က သူဖြည့်ရမယ့် ကိစ္စတွေလေ။ ဗဟိုဘဏ်ကတော့ ဒီ shortage ဖြစ်တဲ့ ပိုက်ဆံကို သူဘာနဲ့ ဖြည့်မလဲဆိုတာတော့ ဖြည့်တဲ့နည်းတွေက အများကြီး ရှိတာပေါ့နော်။ အခွန်အကောက်နဲ့ ဖြည့်တာရှိမယ်၊ အခွန်အကောက် တိုးကောက်မယ်။ နောက်ပြီးတော့ အခုဆိုလည်း နိုင်ငံ ရပ်ခြားကနေပြီးတော့မှ အလုပ်သမားတွေဆီက ပိုက်ဆံရအောင် သူတို့ ကောက်တယ်။ ဒါတွေလည်း လုပ်သင့် တာပေါ့နော်။ နောက်တစ်ချက်ကတော့ ပြည်တွင်း လုပ်ငန်းရှင်တွေဆီကနေ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း ထုတ်လုပ်မှု လုပ်ငန်းတွေကလည်း လုပ်ငန်းတွေ သိပ်ပြီးတော့ လုံခြုံမှုအခြေအနေက မကောင်းတဲ့အခါကျတော့ လုပ်ငန်း တိုးတက်ဆောင်ရွက်မှုကလည်း နည်းတဲ့အခါကျတော့ လုပ်ရတာ ခက်တာပေါ့နော်။ အခွန်ဆောင်နိုင်မှုက အခြေအနေ နည်းသွားတာပေါ့။ အဲဒါလည်း စဉ်းစားသင့်တဲ့ အချက်တွေပေါ့။ နောက်တစ်ချက်ကတော့ ဗဟိုဘဏ် အနေနဲ့ ဘယ်လို supply လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဗျာ” ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးသည် ရပ်တန့်လု နီးပါး ဖြစ်နေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ်သည်။

ထို့ကြောင့် ကုန်သွယ်မှုတွင်လည်း လိုငွေပြနိုင်သည်ဟု လုပ်ငန်းရှင်များက ထောက်ပြကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး တွင် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု၌ ပို့ကုန်ထက် သွင်းကုန်ပမာဏ များပြားနေခြင်းကြောင့် ကုန်သွယ်မှုမှာ လိုငွေပြနေပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ - ၂၃ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၁ ရက်နေ့အထိ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁၅၄၃ သန်းကျော် တင်ပို့ထားနိုင်ခဲ့သော်လည်း ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁၄၃၀ သန်းခန့်သာ တင်ပို့ထားနိုင်ခဲ့ခြင်းကြောင့် ပို့ကုန်အမေရိကန်ဒေါ်လာ ၁၁၀ ကျော် ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။

ထို့နောက် သွင်းကုန်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၂၇၇ သန်းခန့်သာ တင်သွင်းခဲ့သော်လည်း ယခုနှစ်၌ အမေရိကန်ဒေါ်လာ ၉၈၈ သန်းကျော် တင်သွင်းမှုရှိခဲ့သည်။

လက်နက်ကိုင်အင်အားစုကိုတွေ့ရစဉ် 

ပြီးခဲ့သည့်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပိုမိုတင်သွင်းခဲ့သည်ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ကုန်သွယ်မှုလိုငွေ ပြနေခြင်းကြောင့် ပြည်တွင်းတွင် နိုင်ငံခြားငွေ လိုအပ်ချက် ဖြစ်ပေါ်လာသည်။ ထို့နောက် ပြည်ပ မှ တင်သွင်းရသည့် စက်သုံးဆီတွင် အခက်အခဲ ဖြစ်သွားကြောင်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ပြည်တွင်းရှိ တရားမဝင် ရောက်ရှိနေသည့် နိုင်ငံခြားငွေများကို တခြားသော နည်းလမ်းဖြင့် တရားဝင် ငွေစာရင်း ဖြစ်လာစေရန်အတွက် လုပ်ဆောင်နေမှုများ ရှိနေသည်ဟု အမည်မဖော်လို သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကုန်သွယ်မှုလိုငွေရဲ့ အဓိက ပြဿနာကတော့ စက်သုံးဆီတို့ ဘာတို့မှာ တိုက်ရိုက်ပေါ်လာတာပဲလေ။ နိုင်ငံခြားလိုငွေပြတယ်၊ နိုင်ငံခြားလိုငွေကို ဗဟိုဘဏ်က မထုတ်ရောင်းပေးနိုင်တဲ့အချိန်မှာ အခု စက်သုံးဆီမှာ လုပ်ငန်း ကြန့်ကြာတာတွေ ဖြစ်လာတာပေါ့နော်။ ဆိုတော့ ဒီဟာကို ဖြည့်ဆည်းဖို့ဆိုတာက နိုင်ငံခြားငွေဆိုတာ နိုင်ငံခြားငွေ တစ်ခုတည်းလည်း ရတာမဟုတ်ဘူး။ စာရင်းရှိ နိုင်ငံခြားငွေတွေ လိုတယ် တရားဝင် လက်ခံလို့ရတဲ့။ မြန်မာပြည်မှာက ဒေါ်လာတွေ မရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် ရှိတဲ့ဒေါ်လာတွေ အားလုံးကို စင်္ကာပူဘဏ် ထဲကို သွားလွှဲလိုက်လို့ မရဘူး။ ဘာလို့လဲဆိုတော့ ပိတ်ခံထားရတဲ့ အကောင့်တွေ ရှိတယ်။ blacklist လုပ်ခံထား ရတဲ့ အကောင့်တွေ ရှိတယ်။ ပြီးတော့ ငွေအများကြီးဆိုရင် ဘယ်နိုင်ငံမှာမဆို black money တို့ ဘာတို့က ရှိတာ။ အဲဒီတားမြစ်ချက်တွေကြောင့် ငွေက ဝင်မရတာတွေ ရှိတယ်။ အဓိကကတော့ payment တွေက နည်းနည်းခက် နေတဲ့ သဘောတော့ ရှိတာပေါ့ တရားဝင် ကုန်သွယ်မှု မလုပ်ထားရင်။ စင်္ကာပူကို ကျနော်တို့ အများကြီးပို့ထားမှ ရမှာပေါ့။ နိုင်ငံခြားကို ကျနော်တို့ အများကြီးပို့ထားမှ ဝယ်တဲ့နေရာမှာ ကျနော်တို့က စာရင်းရှိရှိနဲ့ ဝယ်လို့ရမှာ။ စာရင်းမရှိဘဲနဲ့ ဝယ်လို့မရဘူးပေါ့”ဟု ပြောသည်။

ဥပမာအနေဖြင့် မြန်မာပြည်ကနေ ဒေါ်လာ ၁ သိန်းဖိုး ပို့ထားမှ ဒေါ်လာ ၁ သိန်းဖိုး နိုင်ငံခြားမှာရှိသည့် စက်သုံးဆီ ကို ဝယ်၍ရသည့်သဘောဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ အမည်မဖော်လိုသူ စီးပွားရေးလုပ်ငန်းရှင်က “ဥပမာ မြန်မာပြည်ကနေ ဒေါ်လာ ၁ သိန်းဖိုး ပို့ထားမှ ဒေါ်လာ ၁ သိန်းဖိုး နိုင်ငံခြားမှာရှိတဲ့ စက်သုံးဆီကို ဝယ်လို့ရတဲ့သဘော။ တရားဝင် trade မဟုတ်ဘဲနဲ့ ရတဲ့ပိုက်ဆံ တွေ ရှိတယ်။ ဒါပေမယ့် အဲဒီပိုက်ဆံတွေကို ဈေးကွက်ထဲ သွားထည့်လိုက်လို့ မရဘူး။ အဲဒီဟာတွေက အစိုးရတွေ ထိန်းချုပ်ထားတဲ့ ငွေတွေ ဖြစ်နေတယ်။ အဲဒီတော့ ပို့ကုန်ရမှ ဖြစ်မယ်ဆိုတော့ ပို့ကုန်များများ ဝယ်ဖို့အတွက် လုပ်ရတာပေါ့နော်။ ပို့ကုန်များများ ဝယ်ရခြင်းက ပိုက်ဆံရခြင်လို့ မဟုတ်ဘူး။ တရားဝင် ငွေရဖို့အတွက် အဲဒီအပိုင်း တွေလည်း ရှိတယ်” ဟု ပြောသည်။ 

အစိုးရအဆက်ဆက် ပြည်ထောင်စုဘတ်ဂျက် လိုငွေကို ဗဟိုဘဏ်မှ ချေးယူခြင်း၊ ငွေတိုက်စာချုပ် ရောင်းချခြင်း အပါအဝင် ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းလေ့ရှိသည်။

ကုန်သွယ်မှု လိုငွေနှင့် ဘတ်ဂျက်လိုငွေကို ပြမှုသည် နှစ်စဉ်ရှိနေသော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိ သေးကြောင်း၊ နိုင်ငံအတွင်း လိုငွေပြမှု များပြားလာပါက ပြည်ပမှ သွင်းကုန်တင်သွင်းရာတွင် အခက်အခဲ ဖြစ်သွား မည်ဖြစ်ကြောင်း ထောက်ပြကြသည်။

ထို့နောက် စက်သုံးဆီ ကဲ့သို့သော အများပြည်သူ သုံးစွဲနေရသည့် ကုန်စည်တင်သွင်းရာတွင် အခက်အခဲ ဖြစ်ပေါ် သွားမည်ဆိုပါက ပြည်တွင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများ ဖြစ်ပေါ်လာမည့်အပေါ် အစိုးရအနေဖြင့် စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူများက ပြောသည်။