CNI International News
ဟနွိုင်း၊ နိုဝင်ဘာ ၈
ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း ခရီးသွား ၂၂ သန်းကျော် ဝင်ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပြီး ထိုအရေအတွက်သည် COVID-19 ကပ်ရောဂါ မတိုင်မီ ခရီးသွားဝင်ရောက်မှု အရေအတွက်ထက် ပိုမိုများပြား ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ခရီးသွား ဝင်ရောက်မှု များပြားခြင်း၏ အဓိက တွန်းအားတစ်ခုမှာ တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက် မှု များပြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဗီယက်နမ်အစိုးရသည် ယခုနှစ်အတွင်း ခရီးသွား ၂၅ သန်း ဝင်ရောက်ရန် မျှော်မှန်းထားပြီး BMI (Fitch Solutions) ကုမ္ပဏီကမူ ခရီးသွား ၂၂ သန်း ဝင်ရောက်လိမ့်မည်ဟု ခန့်မှန်းထားသည်။
၂၀၂၈ ခုနှစ်တွင် ဗီယက်နမ်၏ ခရီးသွား ဝင်ရောက်မှုသည် ကပ်ရောဂါ ကာလမတိုင်မီ ၂၀၁၉ ခုနှစ်က စံချိန်ဖြစ် သည့် ခရီးသွား ဝင်ရောက်မှု ၁၈ သန်း စံချိန်ကို ကျော်ဖြတ်သွားလိမ့်မည်ဖြစ်ကြောင်း BMI ခန့်မှန်းခဲ့သဖြင့် ဗီယက်နမ်၏ ခရီးသွားကဏ္ဍသည် အပြည့်အဝနီးပါး ပြန်လည်နာလန်ထူလာနိုင်သည့် အခြေအနေကို ညွှန်ပြနေ သည်။
ထို့ပြင် ဒေသတွင်း စိန်ခေါ်မှုများ ရှိနေချိန်တွင် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုကလည်း ခရီးသွားများကို ဆွဲဆောင်ရာ ရောက်ခဲ့သည်။

ဗီယက်နမ်အတွင်းက တံတားတစ်စင်းကို တွေ့ရစဉ်
ခရီးသွားများသည် ဗီယက်နမ်သို့ သွားရောက်ရန် ရွေးချယ်ရသည့် အဓိက အကြောင်းအရင်းများထဲတွင် နိုင်ငံရေး တည်ငြိမ်မှုကြောင့် ပါဝင်နေပြီး နယ်စပ်ပြဿနာ တက်နေသည့် ထိုင်းနှင့် ကမ္ဘောဒီးယားကဲ့သို့ ဒေသတွင်း နိုင်ငံ များ၏ နိုင်ငံရေးအခြေအနေနှင့် ဗီယက်နမ်၏ နိုင်ငံရေးတည်ငြိမ်မှု အခြေအနေသည် သိသာထင်ရှားစွာ ကွဲလွဲနေ သည်။
ထိုအချိန်အတောအတွင်း အင်ဒိုနီးရှား နိုင်ငံတွင်လည်း ဆန္ဒပြမှုများ၏ နောက်ဆက်တွဲ ဂယက်များနှင့် လုံးလည် ချာလည် လိုက်နေသည်။
ဗီယက်နမ်သို့ လာရောက်သည့် ခရီးသွားများအနက် အများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အောက်တိုဘာလ အထိ ရရှိသည့် စာရင်းများအရ ဗီယက်နမ်သို့ ခရီးသွား ၁၇ သန်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အနက် ၄ သန်းမှာ တရုတ် နိုင်ငံသားများ ဖြစ်သည်။
ထိုအချိန်အတောအတွင်း ထိုင်းနိုင်ငံတွင်မူ ကမ္ဘောဒီးယားနှင့် နယ်စပ်ပြဿနာဖြစ်ပွားမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ကျားဖြန့်လုပ်ငန်းများက ခရီးသွားကဏ္ဍအပေါ် ဆိုးရွားစွာ သက်ရောက်စေခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: The Nation
