CNI International News

ဘန်ကောက်၊ ဧပြီ ၂၉

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးဝန်ကြီးဌာနသည် ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မည့် ရန်ပုံငွေ ရှာဖွေ နိုင်ရန်အတွက် နိုင်ငံရပ်ခြားသို့ ထွက်ခွာမည့် ထိုင်းနိုင်ငံသား ခရီးသွားများအပေါ် ထွက်ခွာခွန်အဖြစ် ဘတ် ၁၀၀၀ ကောက်ခံရန် စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယခင်က ထွက်ခွာခွန်ကို ဘတ် ၅၀၀ နှုန်းဖြင့် ကောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့သည်။

ထိုဥပဒေမှာ တည်ရှိနေဆဲ ဖြစ်နေသဖြင့် ထွက်ခွာခွန် ကောက်ခံမည့် အစီအစဉ်ကို မကြာမီ ပြန်လည် စတင် နိုင်ဖွယ်ရှိသည်။

ထိုဥပဒေအရ ထွက်ခွာမှု တစ်ကြိမ်လျှင် အခွန်အများဆုံး ဘတ် ၅၀၀၀ အထိ ကောက်ခံခွင့်ရှိသည်။

သို့သော် ထွက်ခွာခွန်ကို ထိုင်းနိုင်ငံမှ ပြည်ပသို့ ထွက်ခွာမည့် ထိုင်းနိုင်ငံသားများထံမှသာ ကောက်ခံမည် ဖြစ်ကြောင်း ထိုင်းခရီးသွားလာရေးဝန်ကြီး ဆူရာဆက် ဖန်ချာရိုဝါရာကူးလ် (Surasak Phancharoenworakul) က ပြောကြားခဲ့သည်။

ထိုင်းခရီးသွားလာရေးဝန်ကြီး ဆူရာဆက် ဖန်ချာရိုဝါရာကူးလ်ကို တွေ့ရစဉ်

နှစ်စဉ် ပြည်ပသို့ ထွက်ခွာသည့် ထိုင်းနိုင်ငံသား ၁၀ သန်းခန့်ရှိသဖြင့် အစိုးရအနေဖြင့် တစ်နှစ်လျှင် ဘတ် ၁၀ ဘီလျံအထိ ရရှိနိုင်မည်ဖြစ်သည်။

ထိုငွေကြေးများကို ထိုင်းနိုင်ငံသားများ၏ ပြည်တွင်း ခရီးစဉ်များအတွက် ကုန်ကျစရိတ်များအား ထောက်ပံ့ပေးမည့် ပူးတွဲငွေပေးချေမှု အစီအစဉ်တွင် အသုံးပြုသွားမည်ဖြစ်သည်။

ထွက်ခွာခွန်ကို ပြန်လည် ကောက်ခံမည့် အချိန်နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထိုအစီအမံကို ပြန်လည် စတင်နိုင်မည်ဖြစ်ကြောင်း ဆူရာဆက်က ပြောကြားခဲ့သည်။

ထိုထွက်ခွာခွန်သည် ပြည်ပသို့သွားမည့် ထိုင်းခရီးသွားများအပေါ်  ထိခိုက်မှုရှိလိမ့်မည် မဟုတ်ကြောင်း၊ ထိုကဲ့သို့ ကောက်ခံမှုမှ ရရှိလာမည့် ဝင်ငွေများကို ပြည်တွင်းခရီးသွားလုပ်ငန်း မြှင့်တင်ရေးတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ခရီးသွားများ အနေဖြင့် လေယာဉ် လက်မှတ်ခများကိုသာ ပိုမိုစိုးရိမ်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်