CNI International News
ဂျာကာတာ၊ ဧပြီ ၂၉
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ဈေးနှုန်းများ အဆမတန် မြင့်တက်လာမှုသည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ဦးဆောင်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် နိုင်ငံများကို ပြင်းထန်စွာ ထိုးနှက်လျက်ရှိကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
IMF ထံမှ ငွေကြေးများချေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ထိုနိုင်ငံများသည် ဘတ်ဂျက်ကို ချိန်ဆနေရသဖြင့် အများပြည်သူအတွက် လောင်စာဆီ ထောက်ပံ့ကြေးပေးရန် သို့မဟုတ် အခြား သော အစီအမံများကို အကောင်အထည်ဖော်ရန် အားနည်းချက်များ ရှိနေသည်။
ထို့ကြောင့် စွမ်းအင်ဈေးနှုန်း မြင့်တက်မှုနှင့်အတူ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံ စားသောက်ကုန် ဈေးနှုန်းများ ပါ လိုက်ပါမြင့်တက်လာခဲ့သဖြင့် ပြည်သူလူထု၏ လူနေမှုဘဝမှာ ပိုမိုခက်ခဲလာခဲ့ပြီး လူထုကြား မကျေနပ်မှုများ မြင့်တက်လာခဲ့သည်။
“လက်ရှိ အခြေအနေမှာ အစိုးရတွေဟာ တစ်ဖက်က IMF ရဲ့ တင်းကျပ်တဲ့ ဘတ်ဂျက် စည်းကမ်းချက်တွေနဲ့ နောက်တစ်ဖက်က ပြည်သူလူထုရဲ့ စားဝတ်နေရေး ဒုက္ခတွေကြားမှာ ညှပ်နေကြပါတယ်” ဟု စီးပွားရေး ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့သည်။

လူထု သဘောထားထုတ်ဖော်နေစဉ်
လက်ရှိမှာတော့ ထိုနိုင်ငံများတွင် ကမ္ဘာ့စွမ်းအင်ဈေးနှုန်း မြင့်တက်မှုဒဏ်နှင့် IMF ၏ တင်းကျပ်သော စည်းကမ်းချက်များကြား၌ ရုန်းကန်နေရသည့် အခြေအနေဖြစ်ပြီး စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းရန်နှင့် လူထု၏ ဒေါသကို လျှော့ချရန် အစိုးရများအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာခဲ့သည်။
လောင်စာဆီဈေးနှုန်း မြင့်တက်မှုသည် ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပြီး နိုင်ငံခြားငွေ လိုအပ်ချက်ကိုလည်း မြင့်တက်စေသည့်အတွက် ထိုနိုင်ငံများ အနေဖြင့် IMF သို့ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေမည်ဖြစ်သည်။
ထို့ကြောင့် IMF အနေဖြင့် လူမှုရေးနှင့် နိုင်ငံရေး ပြိုလဲမှု မဖြစ်ပေါ်စေရန်အတွက် ကြွေးမြီပေးဆပ်မှုနှင့် ပတ်သက် သည့် သတ်မှတ်ချက်များတွင် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော ချဉ်းကပ်မှုမျိုး လုပ်ဆောင်ပေးရန် လိုအပ်နိုင် ကြောင်း ကျွမ်းကျင်သူများက အကြံပြုထားသည်။
အီရန်ပဋိပက္ခအတွက် သံတမန်ရေးရာ အဖြေကို အမြန်ဆုံး မရှာဖွေနိုင်ပါက ပြည်တွင်းဖိအားများ ဆက်လက် မြင့်တက်လာမည် ဖြစ်သောကြောင့် ထိုနိုင်ငံများ၏ ရေရှည်စီးပွားရေး အလားအလာမှာ အလွန်စိုးရိမ်စရာ ကောင်း နေကြောင်းလည်း ကျွမ်းကျင်သူများက သတိပေးထားသည်။
Source: Nikkei Asia
