CNI International News
ဘန်ကောက်၊ ဧပြီ ၂
အမေရိကန်-အီရန် စစ်ပွဲ၏ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများကြောင့် ထိုင်းနိုင်ငံသည် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ခန့်မှန်းချက်ကို လျှော့ချလိုက်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
အရှေ့အလယ်ပိုင်း စစ်ပွဲသည် နိုင်ငံတကာ ခရီးသွားကဏ္ဍ၏ စီးပွားရေး အခြေအနေများ ပြောင်းလဲသွားစေခဲ့ပြီး ထိုင်းနိုင်ငံမှာလည်း မရေရာသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ခန့်မှန်းချက်ကို ခရီးသည် ၃၂ ဒသမ ၁၄ သန်းနှင့် ခန့်မှန်းဝင်ငွေ ဘတ် ၁ ဒသမ ၅၂ ထရီလျံအထိ လျှော့ချသတ်မှတ်လိုက်သည်။
နယ်မြေဒေသအသီးသီးရှိ လုပ်ငန်းရှင် ၇၄၀ ကို စစ်တမ်းကောက်ယူ၍ ပြုစုထားသော ၂၀၂၆ ခုနှစ် ပထမသုံးလ ပတ် ကာလအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း (Tourism Confidence Index) တွင် ရမှတ် ၈၁ မှတ်ရှိခဲ့သည်။

ခရီးသွားများကို တွေ့ရစဉ်
ထိုရလဒ်သည် ပြီးခဲ့သည့် သုံးလပတ်က ရရှိခဲ့သော ရမှတ် ၇၂ မှတ်ထက် သိသိသာသာ ပြန်လည်ကောင်းမွန် လာခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်က ရရှိခဲ့သည့် ရမှတ် ၈၃ မှတ်အောက်တွင်သာ ရှိနေသေးသည်။
ခရီးသွားများ ဝင်ရောက်မှု ခန့်မှန်းချက်ကို လျှော့ချလိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဖေဖော်ဝါရီ ၂၈ ရက် တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအပြီး ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားခြင်း ကြောင့် ဖြစ်သည်။
ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၅ ပုံ ၁ ပုံခန့်မှာ အနှောင့်အယှက် ဖြစ်သွားခဲ့သဖြင့် Brent Crude) ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ ကျော်လွန်ရောက်ရှိသွားခဲ့သည်။
ထိုင်းနိုင်ငံ၏ ပြည်တွင်း ဒီဇယ်ဈေးနှုန်းမှာလည်း မတ်လကုန်ပိုင်းတွင် တစ်လီတာလျှင် ၆ ဘတ်ခန့် မြင့်တက် သွားခဲ့ပြီး ဆီဆိုင်များရှိ အရောင်းဈေးမှာ တစ်လီတာလျှင် ၄၀ ဘတ် နီးပါးအထိ ထိုးတက်သွားခဲ့သည်။
လက်ရှိ အခြေအနေများကို လေ့လာဆန်းစစ်မှုများအရ လောင်စာဆီ ဈေးနှုန်းမှာ တစ်လီတာလျှင် ဘတ် ၄၀ မှ ၄၅ ဘတ်အထိ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အဆိုးရွားဆုံး အခြေအနေတွင်မူ ဘတ် ၅၀ မှ ဘတ် ၆၀ အထိ မြင့်တက်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုသို့ ဖြစ်လာပါက ခရီးသွားလုပ်ငန်း ကွင်းဆက်တစ်ခုလုံးရှိ ကဏ္ဍအသီးသီး၏ လုပ်ငန်းလည်ပတ်မှု ကုန်ကျ စရိတ်များကို တစ်ပြိုင်နက်တည်း မြင့်တက်သွားမည့် အလားအလာ ရှိနေသည်။
Source: The Nation
