CNI International News
ဘန်ကောက်၊ ဧပြီ ၉
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော အီရန်စစ်ပွဲကြောင့် ကမ္ဘာ့လုံးဆိုင်ရာ စွမ်းအင်ဈေးနှုန်း မြင့်တက်ခဲ့ သော ရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံသည် ဆွန်ခရမ် ရေကစားပွဲတော်ကာလမှာ ခရီးသွားကျဆင်းလျက်ရှိသည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကျရောက်မည့် ဆွန်ခရမ် ရေကစားပွဲတော် ရာသီကာလအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍသည် ပြီးခဲ့သည့်နှစ် ရေကစားပွဲတော် ရာသီကာလနှင့် နှိုင်းယှဉ်ပါက နှေးကွေးသွားခဲ့သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ပြည်ပခရီးသွားများ၏ ခရီးစဉ်များ လျော့နည်းသွားခြင်းဖြစ်ပြီး ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အစ္စရေးကဲ့သို့သော ခရီးသွားစျေးကွက်များ အားလုံးမှာ ကျုံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုင်းပြည်တွင်း ခရီးသွားများသည်လည်း စက်သုံးဆီစျေးနှုန်းများ မြင့်တက်မှုအပေါ် စိုးရိမ်နေကြသဖြင့် ဆွန်ခရမ် ရေကစားပွဲတော် ကာလအတွင်း ခရီးသွားမြို့ကြီးများရှိ ဟိုတယ်များ၏ ပျမ်းမျှ အခန်းငှားရမ်းမှုနှုန်းမှာ ပုံမှန်နှုန်းထားသို့ ရောက်ရှိခဲ့ခြင်း မရှိပေ။

ထိုင်းဆွန်ခရမ်ရေကစားပွဲတော်ကို တွေ့ရစဉ်
ဘန်ကောက်မြို့တော်နှင့် နီးကပ်သော ဟွာဟင်း (Hua Hin)၊ ဘန်ဆန်း (Bang Saen) နှင့် ပတ္တရား (Pattaya) ကဲ့သို့သော ပထမတန်းစား ခရီးသွားမြို့များရှိ ဟိုတယ်များသည် ဆောင်ခရမ် ရေကစားပွဲတော်ရက် မတိုင်မီ ပြည်တွင်းခရီးသွားများ ရောက်ရှိလာကြလိမ့်မည်ဟု မျှော်လင့်နေကြဆဲဖြစ်သည်။
သို့သော် ပြည်တွင်းခရီးသွားများ အပေါ်တွင်သာ အဓိက မှီခိုနေရသည့် ဒုတိယတန်းစား ခရီးသွားမြို့များမှာမူ ပိုမိုကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ထို့ကြောင့် ယခုနှစ်တွင် ပြည်တွင်း ခရီးသွားများသည် ယခင်နှစ်များကကဲ့သို့ အခြားမြို့များကို ခရီးထွက်မည့်အစား မိမိတို့ ဒေသအတွင်း၌သာ ရေကစားပွဲတော်ကို ဆင်နွှဲမည့် အလားအလာ ပိုများနေသည်။
အားလပ်ရက်အတွင်း ခရီးသွားလာမှုကို လှုံ့ဆော်ရန်အတွက် နာမည်ကြီး ဇိမ်ခံဟိုတယ်များ အပါအဝင် ဟိုတယ် အများအပြားသည် လျော့နည်းသွားသော ပြည်ပခရီးသွား စျေးကွက် နေရာတွင် အစားထိုးရန် ပြည်တွင်းခရီးသွား များအတွက် သီးသန့် ပရိုမိုးရှင်းများပေးကာ စျေးကွက် မဟာဗျူဟာများကို ပြောင်းလဲကျင့်သုံးနေကြသည်။
ဟိုတယ်လုပ်ငန်းရှင်များသည် စျေးကွက်ကို နယ်ပယ်အစုံသို့ ချဲ့ထွင်ရန် ပိုမိုအာရုံစိုက်လာကြပြီး အာရှခရီးသွား များနှင့် တရုတ်ခရီးသွားများကဲ့သို့ ခရီးသွားအုပ်စု အသစ်များကို ပစ်မှတ်ထား ဆွဲဆောင်လျက်ရှိသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ ဟိုတယ်များအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဝီချူးပန် ဖူးခေါင်လွမ် သီရိဆန်ညာ (Wichupan Phukaoluan Srisanya) က ယခုနှစ် ဆွန်ခရမ် ရေကစားပွဲတော်သည် မျှော်လင့်ထားသလောက် စည်ကားမှု ရှိချင်မှ ရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။
Source: The Nation
