CNI International News

ဘန်ကောက်၊ ဧပြီ ၆

ထိုင်းအစိုးရသည် နိုင်ငံခြားခရီးသွားများထံမှ ဆိုက်ရောက်ခ (Landing Fee)အဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀ ကောက်ခံမည့် အစီအစဉ်ကို ပြန်လည်အသက်သွင်းရန် ပြင်ဆင်နေသည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ထိုမူဝါဒ၏ အဓိက ရည်ရွယ်ချက်မှာ ခရီးသွားများအတွက် အာမခံနှင့် အရေးပေါ် အကူအညီများကို ပိုမိုခိုင်မာစွာ ထောက်ပံ့ပေးနိုင်မည့် သီးသန့်ရန်ပုံငွေတစ်ခု တည်ဆောက်ရန်ဖြစ်သည်။

သတ်မှတ်ထားသော နှုန်းထားများမှာ လေကြောင်းဖြင့် လာရောက်သူများအတွက် ဘတ် ၃၀၀ နှင့် ကုန်းကြောင်း သို့မဟုတ် ရေကြောင်းခရီးစဉ်များမှ လာရောက်သူများအတွက် ဘတ်  ၁၅၀  ဖြစ်သည်။

ကောက်ခံရရှိသည့် ငွေကြေးများကို ခရီးသွား လုပ်ငန်းဆိုင်ရာ အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းက ခရီးသွားများကို တွေ့ရစဉ်

ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခုအစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက် အစိုးရအဖွဲ့သို့ တင်ပြကာ အတည်ပြုချက် ရယူရန် စီစဉ်နေသည်။

ယခင်က နိုင်ငံခြားသား ခရီးသွားများ၏ အရေးပေါ် လျော်ကြေးနှင့် ဆေးကုသစရိတ်များအတွက် နိုင်ငံတော် ဗဟိုဘတ်ဂျက်ကို အသုံးပြုခဲ့ရသော်လည်း ရေရှည်တွင် ထိုသို့ အသုံးပြုရန် မလွယ်ကူတော့ပေ။

အချို့သော ကမ္ဘာလှည့် ခရီးသည်များ၏ မပေးချေရသေးသည့် ဆေးကုသစရိတ်များသည် ထိုင်းအခွန်ထမ်း ပြည်သူများအပေါ် နှစ်စဉ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။

ထို့ကြောင့် ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးနှင့် သက်သာချောင်ချိရေးအတွက် သီးခြားရန်ပုံငွေတစ်ခု ရှိသင့်သည်ဟု မူဝါဒချမှတ်သူများက ယူဆလာကြခြင်းဖြစ်သည်။

ထိုကဲ့သို့သော ခရီးသွား အခွန်ကောက်ခံသည့် စနစ်မျိုးကို ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားဧည့်သည် အလွန်အမင်း များပြားသော နိုင်ငံများတွင်လည်း ကျင့်သုံးလျက်ရှိသည်။

ထိုစီမံကိန်းသည် ထိုင်းနိုင်ငံ၏ အရေးပါသော စီးပွားရေးကဏ္ဍ တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းကို စံနှုန်း မြှင့်တင် ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

Source: The Nation