CNI International News

ဘန်ကောက်၊ မတ်လ ၂၈

ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) သည် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော လောင်စာဆီပြတ်လပ်မှု အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဘန်ကောက်မြို့တော် အပါအဝင် ပြည်နယ် ၇၆ ခုလုံးမှ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အရေးပေါ် ထိပ်သီးအစည်းအဝေးကို မတ် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

အစိုးရအိမ်တော်တွင် ကျင်းပသော ထိုအစည်းအဝေး၌ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး အဓိကအားဖြင့် လာမည့် ဧပြီလတွင် ပြုလုပ်မည့် ဆောင်ခရမ် ရေကစားပွဲတော် ကာလ အတွင်း ခရီးသွားလာမှု အလွန်များပြားလာမည့် အခြေအနေကို ကြိုတင်ပြင်ဆင်ရန်နှင့် ပြည်သူများအကြား လောင်စာဆီများကို အထိတ်တလန့် ဝယ်ယူမှုများ မဖြစ်စေရန် ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံရှိ ရေနံချက်စက်ရုံများသည် တစ်ရက်လျှင် လောင်စာဆီ လီတာ ၇၇ သန်းခန့် ထုတ်လုပ်ပေးနိုင်ပြီး နိုင်ငံ၏ လောင်စာဆီ ပုံမှန်လိုအပ်ချက်မှာ လီတာ ၆၇ သန်းသာ ရှိသဖြင့် ပုံမှန်အခြေအနေ ဆိုပါက ထုတ်လုပ် မှုသည် သုံးစွဲမှုနှုန်းထက် ပိုလျှံနေသည်ဟု အနူတင်က ပြောကြားခဲ့သည်။

စက်သုံးဆီနဲ့ ဈေးနှုန်းမြင့်တက်မှုကို သရုပ်ပြထားစဉ်

သို့သော် အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများကြောင့် လက်ရှိ နေ့စဉ် လောင်စာဆီ ဝယ်ယူမှုနှုန်းသည် လီတာ ၈၇ သန်း အထိ စံချိန်တင် မြင့်တက်သွားခဲ့သည်ဟု ဆိုသည်။

လောင်စာဆီ လုံးဝ ပြတ်လပ်သွားခြင်းမှ ကာကွယ်ရန်အတွက် အစိုးရအနေဖြင့် ဆီဈေးနှုန်း အထောက်အပံ့ ပေးမှုများကို ရပ်ဆိုင်းရန်နှင့် ဈေးနှုန်းများကို ကမ္ဘာ့ဈေးကွက်၏ ပြောင်းလဲမှုနှင့်လိုက်ပြီး အတက်အကျ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ရကြောင်း အနူတင်က အတည်ပြုခဲ့သည်။

ယခုကဲ့သို့ အကျပ်အတည်း ကာလတွင် အခွင့်ကောင်းယူ အမြတ်ထုတ်လိုသူများကို အနူတင်က ပြင်းထန်စွာ သတိပေးလိုက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးများ အနေဖြင့် စစ်ပွဲကာလ စီးပွားရေး စီမံခန့်ခွဲမှု ယန္တရားတစ်ခု ဖွဲ့စည်းတည်ထောင်ရန် ညွှန်ကြားခဲ့သည်။

စက်သုံးဆီနဲ့ ဈေးနှုန်းမြင့်တက်မှုကို သရုပ်ပြထားစဉ်

ထိုယန္တရားသည် ဒေသတွင်းရှိ စက်သုံးဆီ လက်ကျန် အခြေအနေများကို အနီးကပ် စောင့်ကြည့်ရန်နှင့် စက်သုံးဆီ သိုလှောင်ထားခြင်း သို့မဟုတ် အခြေခံ လူသုံးကုန်ပစ္စည်းများကို ဈေးတင်ရောင်းချခြင်းများ ပြုလုပ်သည့် မည်သည့် စီးပွားရေး လုပ်ငန်းကိုမဆို ချက်ချင်း ထိရောက်စွာ အရေးယူမည်ဖြစ်သည်။

ထို့ပြင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများနှင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စု များအတွက် ရည်ရွယ်သည့် ကူညီထောက်ပံ့ရေး အစီအစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အနူတင်က ပြည်ထဲရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရိုးရာနှစ်သစ်ကူး အားလပ်ရက်များအတွက် ပြင်ဆင်နေကြချိန်တွင်လည်း ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများကို လုံးဝသည်းမခံဘဲ ထိရောက်စွာ အရေးယူမည့် မူဝါဒကို ကျင့်သုံးရန်လည်း အနူတင်က အမိန့်ထုတ်ပြန်ခဲ့သည်။

Source: The Nation