CNI International News
ဘန်ကောက်၊ မတ်လ ၃၁
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းက အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သော်လည်း ဆောင်ခရမ် (Songkran) ရေကစားပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ထိုင်းခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) က မတ်လ ၃၀ ရက်တွင် အတည်ပြုခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုင်းတွင် ငလျင်ဒဏ် မသက်ရောက်ခဲ့သည့် ဟိုတယ်များကို ဖွင့်လှစ်ထားမည်ဖြစ်ပြီး ခရီးသွားလာရေးနှင့် လမ်းပန်းဆက်သွယ်ရေးများနှင့်ပတ်သက်ပြီး ခရီးသွားများအနေဖြင့် စိတ်ချကြရန် TAT က ပြောကြားခဲ့သည်။
မတ်လ ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အခြေအနေအား လေ့လာသုံးသပ်ခဲ့ရာတွင် ဘန်ကောက်မြို့တော်နှင့် အခြားနေရာ ဒေသများတွင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီကို တွေ့ရှိခဲ့ ရကြောင်း TAT က ပြောကြားခဲ့သည်။
ဥပမာအားဖြင့် ဒွန်မောင်း (Dong Maeang) နိုင်ငံတကာလေဆိပ်နှင့် သုဝဏ္ဏဘူမိ (Suvanabhumi) နိုင်ငံတကာ လေဆိပ်များသည် ပုံမှန်အတိုင်း ဆက်လက် ဖွင့်လှစ်ထားပြီး လေကြောင်းခရီးစဉ်များကို ပုံမှန်အတိုင်း ပြေးဆွဲနေ သည်ဟု ဆိုသည်။
ထိုင်းဆောင်ခရမ် ရေကစားပွဲတော် ကျင်းပနေစဉ်
အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ အထူးသဖြင့် BTSC နှင့် MRT တို့က ပြေးဆွဲပေးနေသည့် လျှပ်စစ်ရထား ဝန်ဆောင်မှုများလည်း ပုံမှန်အတိုင်း အပြည့်အဝ လည်ပတ်နေသည်ဟု TAT က ထုတ်ပြန်ခဲ့သည်။
ခရီးသွားများအတွက် အဓိကကျသည့် နေရာများဖြစ်သော ဟိုတယ်များနှင့် ဖျော်ဖြေပွဲကျင်းပသည့် နေရာများမှာ လည်း ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ခရီးသွားများသည် ၎င်းတို့ ကြိုတင်စာရင်း သွင်းထားသည့် ဘွတ်ကင်များကို ဖျက်သိမ်းခဲ့ခြင်းမရှိကြောင်း၊ ခရီးသွား အေဂျင်စီများကလည်း ၎င်းတို့၏ ကြိုတင်စာရင်းသွင်းမှုများကို ရုပ်သိမ်းခြင်းမရှိကြောင်း TAT က ပြောကြားခဲ့ သည်။
နိုင်ငံတစ်ဝန်းရှိ အဝေးပြေးလမ်းမများ မပျက်စီးသေးဘဲ သွားရေးလာရေးအတွက် အပြည့်အဝ အသုံးပြုနိုင် ကြောင်း၊ ခရီးသွားများ ဘေးကင်းစေရန်အတွက် အထပ်မြင့် ဟိုတယ်များကို စစ်ဆေးရန်အတွက် ထိုင်းနိုင်ငံ အင်ဂျင်နီယာဌာနနှင့် ပြည်သူ့လုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း TAT က ပြောကြားခဲ့သည်။
Source: The Nation