CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
ငလျင်ဘေးဒဏ်သင့်ခဲ့သော မြန်မာနိုင်ငံတွင် နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်း သတ်မှတ်ခဲ့ခြင်းများ ရှိသည့် အတွက် အပျော်အပါး သီဆိုကခုန်မှုများ မပါဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ကို ကျင်းပသွားမည်ဟု နစက-က ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိကြုံ တွေ့နေရသော ပြင်းထန်သည့် ငလျင်ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း ၌ ပြည်သူအချို့ သေဆုံးဒဏ်ရာရ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
ထိုကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်ပါသဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ မတ်လ ၂၈ ရက်မှ ဧပြီ ၁ ရက်ထိ လှုပ်ခတ်ခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် လူပေါင်း ၂၇၀၀ ကျော် သေဆုံးပြီး ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် လူနေအိမ်၊ ဟိုတယ်၊ လမ်းတံတား၊ ဘာသာရေး အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ကြသည်။
လက်ရှိမှာလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လက်ဆက် လုပ်ဆောင်နေဆဲ ဖြစ်သည်။