CNI International News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၌ အီရန်စစ်ပွဲအကြောင်း အဓိကထား ဆွေးနွေးသွားမည်ဟု ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က ပြောကြားခဲ့ကြောင်း Bernama သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ် အစည်းအဝေးများကို လာမည့် မေလ ၈ ရက်မှ ၉ ရက်အထိ စီဘူး (Cebu) မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြုသည့် အခမ်းအနား တစ်ခုတွင် မားကို့စ်က အီရန်စစ်ပွဲ အကြောင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သမ္မတမားကို့စ်သည် မတ်လ ၂၇ ရက်က ကာဗိုက် (Cavite) ပြည်နယ် ဆီလန်း (Silang) မြို့၌ ပြုလုပ်သော အခမ်းအနားတစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) နှင့် ဆင်ဟွာ သတင်းတို့ကလည်း ဖော်ပြခဲ့ကြသည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်ကို တွေ့ရစဉ်
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံအကျပ်အတည်း ဖြစ်ပွားနေသည့် အခြေအနေများနှင့် ရင်ဆိုင်နေရ ချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အစည်းအဝေးကို စီစဉ်ထားသည့်အတိုင်း ဆက်လက် ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း မားကို့စ်က ဆိုသည်။
၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသော ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် ထိုအစည်းအဝေး တွင် အဓိကအားဖြင့် စက်သုံးဆီနှင့် ရေနံထွက်ပစ္စည်းများ ထောက်ပံ့မှု၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ကုန်ဈေးနှုန်းများ၊ ရွှေ့ပြောင်းလုပ်သားများအရေး စသည့် အချက်များကို အလေးပေး ဆွေးနွေးသွားမည် ဖြစ်သည်။
သို့သော် လက်ရှိ ကမ္ဘာ့အခြေအနေများကြောင့် အာဆီယံ ထိပ်သီး အစည်းအဝေးကို ပုံမှန်ထက် လျှော့ချပြီး အဓိက အချက်များသာ ပါဝင်သည့် အစည်းအဝေးအဖြစ် ချုံ့ပြီး ပြုလုပ်သွားမည်ဟု မားကို့စ်က ပြောကြားခဲ့သည်။
Source: Bernama
