CNI International News
ဂျကာတာ၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံကိုယ်စား ၂၀၂၆ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူရန် အဆင်သင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ပြောကြားခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က စစ်တပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရကို ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံအတွင်း သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ကာ နိုင်ငံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
"၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဋ္ဌနေရာကို တာဝန်ယူဖို့ ဖိလစ်ပိုင်က အဆင်သင့် ရှိနေတယ်ဆိုတာကို ကျနော် ပြောကြားလိုပါတယ်" မားကို့စ်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် ပြုလုပ်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အစည်းအဝေး၌ တက်ရောက်လာသည့် ခေါင်းဆောင်များကို ပြောကြားခဲ့သည်။
အာဆီယံညီလာခံမှာ မြန်မာကိုယ်စားလှယ် ထိုင်ခုံလွတ်နေစဉ်
မိမိတို့ အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်များကို အခိုင်အမာ တည်ဆောက်သွားမည်ဖြစ်ပြီး အာဆီယံအား အခန်းကဏ္ဍ အသစ်တစ်ခုဆီ ခေါ်ဆောင်သွားရန် လမ်းပြမည်ဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်ဟု ဖိလစ်ပိုင်သမ္မတနန်းတော်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်အနေဖြင့် မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံထံမှ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်း ရယူလိုခြင်းကိုမူ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။
ညီလာခံသို့ တက်ရောက်ခဲ့သည့် အာဆီယံ သံတမန်နှစ်ဦးကမူ ဖိလစ်ပိုင်၏ အစီအစဉ်ကို ကျန်ခေါင်းဆောင်များက သဘောတူခဲ့ကြသဖြင့် ဖိလစ်ပိုင်၏ အစီအစဉ်သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့၏ လုပ်ငန်းစဉ် အား ထိခိုက်စေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံကိုယ်စားလှယ်များကိုတွေ့ရစဉ်
"အဲဒီလိုပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဖိလစ်ပိုင်ရဲ့ ကြေညာချက်ကို ဘယ်သူကမှ မကန့်ကွက်ခဲ့ပါဘူး"ဟု အမည်မဖော်လိုသည့် သံတမန်တစ်ဦးက ပြောသည်။
၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို လက်ခံရန်ဆန္ဒ ရှိ/မရှိ အာဆီယံက ဖိလစ်ပိုင်ကို မေးမြန်းခဲ့ရာတွင် ဖိလစ်ပိုင်က လက်ခံခဲ့သည်ဟု အဆိုပါ သံတမန်က ပြောကြားခဲ့သည်။
အမည်မဖော်လိုသည့် ဒုတိယမြောက် သံတမန်တစ်ဦးကလည်း ပြီးခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံအတွက် အာဆီယံ ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်၏ တိုးတက်ဖြစ်ထွန်းမှုကို အာဆီယံခေါင်းဆောင်များက လေ့လာ ဆန်းစစ်ခဲ့ပြီးနောက် ဖိလစ်ပိုင်ကို မြန်မာကိုယ်စား အာဆီယံဥက္ကဋ္ဌနေရာ တာဝန်ယူရန် သဘောတူခဲ့ခြင်းဖြစ်သည် ဟု ပြောကြားခဲ့သည်။
လာအိုနိုင်ငံသည် ၂၀၂၄ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို တာဝန်ယူမည်ဖြစ်ပြီး မလေးရှားသည် ၂၀၂၅ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ နေရာအား တာဝန်ယူမည်ဖြစ်သည်။
Source: Thai PBS World